
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်သုံးဆီ ပြတ်လပ်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလို့ ရာနဲ့ချီတဲ့ ယာဉ်တွေဟာ တဖက်နိုင်ငံ မဲဆောက်မြို့က စက်သုံးဆီဆိုင်တွေမှာ သွားရောက်ဝယ်ယူနေကြရပါတယ်။
ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းအစိုးရက ဖေဖော်ဝါရီ ၅ ရက်က စတင်ပြီး မြဝတီမြို့ကို လျှပ်စစ်မီး၊ လောင်စာဆီ၊ အင်တာနက် ဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့ခံ ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။
ရွှေ့ပြောင်းလုပ်သားစောင့်ကြည့်လေ့လာရေးအဖွဲ့ (MMG) မှ ဦးအောင်မြတ်က “လက်ရှိ ဆီပြဿနာက မြဝတီကို ပိတ်လိုက်တော့ မြဝတီမှာ ဆီသုံးမယ့် ဒေသခံတွေမှာ တော်တော် အခက်အခဲ ဖြစ်နေတယ်။ လိုင်စင်ရှိတဲ့ကားတွေရှိသလို လိုင်စင်မဲ့ Without ကားတွေလည်း များတာကို။ များတဲ့အပေါ်မှာ လိုင်စင်ရှိတဲ့ကားတွေတောင် ထိုင်းသွားဖို့ကို ကားအစီးရေက တော်တော်များတာ တွေ့ရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ မဲဆောက်မြို့မှာ 91 စက်သုံးဆီ ၁ လီတာကို ထိုင်းဘတ်ငွေ ၃၀၊ 95 ၁ လီတာကို ထိုင်းဘတ်ငွေ ၃၅ ဘတ်နဲ့ ရောင်းချပေးနေပါတယ်။
မြဝတီမြို့မှာတော့ စက်သုံးဆီ ၁ လီတာကို ၈,၅၀၀ ကျပ်ကနေ ၁၆,၀၀၀ ကျပ်၊ ၅ လီတာ ပုံး ၁ ပုံးကို ကျပ် ၅၀,၀၀၀ ကနေ ကျပ် ၇၀,၀၀၀ အထိ ရောင်းချနေပါတယ်။ ဒါ့အပြင် စားသောက်ကုန်ဈေးနှုန်းတွေပါ တက်နေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
မြဝတီမြို့ခံတယောက်က “တရားဝင် အမှတ် ၂ တံတားပေါ်က ဝင်တဲ့ကားက မနက်က အစီး ၂၀ မပြည့်ဘူး။ အရင်တုန်းက မနက်အစောကြီး ဂိတ်စဖွင့်တာနဲ့ အစီး ၅၀ နဲ့အထက် တွေ့ရတယ်။ တနေ့ကုန်ဝင်တဲ့ စာရင်းကတော့ သေသေချာချာ မသိဘူး။ မနက်အစောကြီး အစီး ၅၀ ကျော်က ပုံမှန်ဝင်နေတာ။ မနက်က ၂၀ မပြည့်ဘူး။ အဝင်လျော့တဲ့အပေါ်မှာတော့ ပြည်သူလူထုက ထိခိုက်မယ်။ ကုန်ဈေးနှုန်းတွေကလည်း အကုန်လုံးတက်တယ်။ ဈေးဆိုင်တွေကလည်း ပိုရောင်းတယ်။ လောလောဆယ် မြဝတီမြို့ခံပြည်သူလူထုက ထိခိုက်နေတယ်။ ကျားဖြန့်လုပ်ငန်း ပိတ်ဆို့မှုက လောလောဆယ် ပြည်သူလူထုကို ထိခိုက်နေတယ်” လို့ ပြောပါတယ်။
မြန်မာဘက်ခြမ်း တာဝန်ရှိသူတွေက အမှတ် ၁ တံတားကနေ မဲဆောက်ဘက်သွားရောက်မယ့် မော်တော်ယာဉ်တွေကို တနေ့တခေါက်သာ ဖြတ်သန်းသွားလာခွင့် ပြုတာကြောင့် ခေါက်တို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေဟာ အခက်အခဲတွေနဲ့ ထပ်မံရင်ဆိုင်နေရပါတယ်။
မြဝတီမြို့ခံတယောက်က “အခုဆိုရင် အရေးပေါ်ဆေးခန်းသွားမယ်ဆိုရင် အခက်အခဲ ဖြစ်တော့မယ်လေ။ အခု ကားမောင်းတဲ့ ကားသမားတွေဆိုရင် ဒါအားကိုးစားနေရတော့ တခေါက်တည်းနဲ့ မကိုက်ဘူး။ တနေ့ကို ၂ ခေါက် ၃ ခေါက်လောက် သွားနေရမှလေ။ အခုလို တခေါက်တည်းသွားတော့ ပစ္စည်းမရ လူမရတော့ ဘာမှမကျန်ဘူးလေ။ အဲလိုမျိုး အခက်အခဲတွေ ရှိတယ်။ ဆက်စပ်ပြီး ဆီဈေးတက်တော့ သွားမယ်လာမယ်ဆို အခု ပို့ဆောင်ရေးတွေ ခက်ခဲတယ်” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ကျားဖြန့်လုပ်ငန်းကနေ ငွေကြေးလိမ်လည်တာ၊ လူကုန်ကူးတာတွေကို နှိမ်နင်းဖို့ မြန်မာနယ်စပ်က နေရာ ၅ ခုကို လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ဖြန့်ဝေနေတာတွေ၊ ဖြတ်တောက်တာတွေ လုပ်ဆောင်ပြီးနောက်ပိုင်း မြန်မာ-ထိုင်း နယ်စပ်တလျှောက်ကို ထိုင်းအာဏာပိုင်တွေက လုံခြုံရေးတိုးမြှင့်ပြီး စောင့်ကြည့်တာတွေ ရှိပါတယ်။
အောင်ခန့်