Home
မြန်မာသတင်း
မဲဆောက်၌ မြန်မာဘက် မှောင်ခိုတင်သွင်းမည့် လောင်စာဆီနှင့် ဆိုလာပြားများ ဖမ်းဆီး
DVB
·
February 10, 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်ထဲက နေရာ ၂ ခုမှာ မြန်မာနိုင်ငံဘက်ကို မှောင်ခို တင်သွင်းမယ့် လောင်စာဆီနဲ့ ဆိုလာပြားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက တားဆီးနိုင်ခဲ့တဲ့ အကြောင်း Bangkok Post သတင်းမှာ ဖေဖော်ဝါရီ ၉ ရက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံဘက်မှာ ကြီးထွားလာနေတဲ့ ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ် အာဏာပိုင်တွေရဲ့ မေတ္တာရပ်ခံချက်အရ ထိုင်းအစိုးရက မြန်မာနိုင်ငံ နယ်စပ်မြို့ နေရာ ၅ ခုကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီ တင်ပို့မှု ဖြတ်တောက်ထားခဲ့ချိန်မှာ ခုလို ဖမ်းမိခဲ့တာပါ။

ပထမတနေရာ ဖမ်းဆီးနိုင်မှုကတော့ မဲဆောက်မြို့နယ်၊ မယ်တောင်ကျေးရွာအနီးက သစ်တောဧရိယာတခုထဲမှာ ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့အဖွဲ့က အမျိုးသား ၂ ဦးကို မသင်္ကာဖွယ်ပစ္စည်းတွေ သယ်ဆောင်လာတာကို တွေ့ရှိခဲ့ပြီး စစ်ဆေးချိန်မှာတော့ သူတို့ဟာ ပစ္စည်းတွေကို စွန့်ပစ်ကာ သောင်ရင်းမြစ်ကို ဖြတ်ပြီးတော့ မြန်မာဘက်ခြမ်းကို လှေနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကင်းလှည့်တပ်ဖွဲ့ကို ဦးဆောင်တဲ့ တာ့ခ်ခရိုင်အခြေစိုက် ရတ်ချမန်နုတပ်ဖွဲ့မှ ဗိုလ်မှူးကြီး နတ်တခွန် ရူအန်တစ်ပ်က “အမျိုးသားတွေဟာ အဲဒီနေရာမှာပဲ ဆိုလာပြားတွေပါတဲ့ ဘူး ၅ ဘူးကို ထားခဲ့ကြတာပါ။ ဒါဟာ (ထိုင်းနိုင်ငံက) လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုကြောင့် လက်ရှိ ဓာတ်အားပြတ်တောက်မှုတွေကြောင့် မြန်မာနိုင်ငံဘက်ကို ဦးတည်သယ်ဆောင်သွားနိုင်ဖွယ် ရှိတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီအဖြစ်အပျက်နဲ့ မရှေးမနှောင်းမှာပဲ စစ်သားတွေနဲ့ ရဲတွေပါဝင်တဲ့ မဲ့လမတ်ခရိုင်ထဲက စစ်ဆေးရေးဂိတ်တခုမှာ အသက် ၃၁ နှစ်အရွယ် ဂျော် အမည်ရတဲ့ အမျိုးသားတဦးရဲ့ ပစ်ကပ်ထရပ်ကားကို ရပ်တန့်စစ်ဆေးချိန်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတွေကို တင်ဆောင်လာတာကို ဖမ်းမိခဲ့တာပါ။

သူ့ရဲ့ ကားပေါ်မှာတော့ ဘတ် ၉၃၀ တန်ကြေးရှိတဲ့ ဓာတ်ဆီ ၂၆ လီတာနဲ့ ဘတ် ၃,၈၇၀ တန် ကြေးရှိတဲ့ ဒီဇယ်ဆီ ၁၁၄ လီတာကို စစ်ဆေးတွေ့ရှိရသလို သူက ဒေသတွင်း ဆီဆိုင်တွေက ဝယ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သောင်ရင်းမြစ်ကမ်းက ဆိပ်ခံတခုဆီ သယ်ဆောင်ကာ မြန်မာဘက်ခြမ်း သယ်ဆောင်သွားမယ့် ဝယ်သူဆီ ရောင်းချမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်က ဖြန့်ဝေနေတဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်မှုတွေကြောင့် နယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်တို့မှာ စက်သုံးဆီဈေးတွေ မြင့် တက်လာသလို အကန့်အသတ်နဲ့ ဝယ်နေရတာကြောင့် ဆီဆိုင်တချို့ ပိတ်ထားရသလို ဒေသခံတွေလည်း အခက်ကြုံနေကြပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013