
တိုက်ပွဲတွေကြောင့် ကားလမ်းရက်ရှည်ပိတ်ထားတဲ့အတွက် ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့မှာ ကုန်စည်စီးဆင်းမှုရပ်သွားပြီး ကုန်ဈေးနှုန်း သိသိသာသာတက်လာတယ်လို့ မောတောင်မြို့ခံ ပြည်သူတွေက ပြောပါတယ်။
တနင်္သာရီ-မောတောင်ကားလမ်းပိုင်း မပိတ်ခင် ဒီဇင်ဘာလတဝက်လောက်အထိ မောတောင်မြို့မှာ ဆန်တအိတ်ကို ဘတ်ငွေ ၅၀၀ ရှိရာကနေ ကားလမ်းပိတ်ပြီးနောက်မှာ ဘတ် ၈၀၀ အထိ တက်သွားပြီး ကြက်သွန်နီက တကီလိုကို ဘတ် ၂၀ ကနေ ၄၀ အထိ တက်လာတယ်လို့ မောတောင်မြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ဘယ်ကုန်စည်မဆို ဈေးတက်လာတယ်။ အစားအသောက်တွေတောင် အရင်က အသုပ်တပွဲဆို ဘတ် ၂၀ ပဲ။ အခုက ၃၀ ဖြစ်နေပြီ။ ဆိုင်တွေ မပိတ်ဘူး၊ မရှိရင် ရှိတဲ့ကုန်ကို ရောင်းမယ့်ပုံစံနဲ့ ဖွင့်ထားကြတယ်။ ကုန်တွေတော့ရှားပါတယ်” လို့ ပြောပါတယ်။
မောတောင်မြို့ပေါ်က ကွမ်းယာဆိုင်လုပ်ငန်းတွေမှာလည်း အဓိကကုန်ကြမ်းတွေဖြစ်တဲ့ ကွမ်းသီး၊ ကွမ်းရွက်နဲ့ တခြားကွမ်းယာပစ္စည်းတွေ ပြတ်လပ်နေတာကြောင့် ဆိုင်အများစုက ပိတ်ထားရတဲ့အထိ ကြုံနေရတယ်လို့ မြို့ခံပြည်သူတယောက်က ပြောပါတယ်။
“ရောင်းတဲ့ဆိုင်တွေက မြိတ်ကကုန်တွေ မှာယူမရတော့ ဒီနယ်တဝိုက်မှာရှိတဲ့ ကွမ်းသီး၊ ကွမ်းရွက်တွေနဲ့ ရောင်းနေကြတာရှိတယ်။ တချို့လည်း ပိတ်လိုက်ကြတယ်။ ဆိုင်တွေက ၁၀ ဆိုင်လောက်မှာ ၇ ဆိုင်လောက်က ပိတ်ထားလိုက်ပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့လောက်တည်းက အခုအချိန်ထိ ကားလမ်းမကြီးမှာ ကုန်ကားတ ဖြတ်သန်းခွင့်မရတော့တာလို့ ဒေသခံတွေက ပြောပါတယ်။
ကားလမ်းမပေါ်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေလည်း ရွာလုံးကျွတ် စစ်ရှောင်နေကြရပြီး နီးစပ်ရာ တောတောင်နဲ့မြို့ပေါ်ဒေသတချို့မှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။