
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ကုန်ကားတစီးပေါ်က ပြောင်းဆန်ပုံအောက် ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ယာဉ်မောင်းတဦးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
တာ့ခ်ခရိုင်အခြေစိုက် ရတ်ချမန်နုတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၆ ရက် ဒီကနေ့ မ နက်အစောပိုင်း ၁ နာရီလောက်က စစ်ဆေးရေးဂိတ်တခုမှာ ၁၀ ဘီးကုန်ကားတစီးကို ရပ်တန့်စစ်ဆေးချိန်မှာ ခုလိုဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
အသက် ၃၆ နှစ်အရွယ် စိုင်သန်အမည်ရတဲ့ ယာဉ်မောင်းဖြစ်သူကို စစ်ဆေးချိန်မှာ မသင်္ကာဖွယ် အခြေအနေကို တွေ့ရှိရတာကြောင့် ကားကို စစ်ဆေးခဲ့ချိန်မှာတော့ ပြောင်းဆန်ပုံအောက်က အခင်းပေါ်မှာ ပုန်းအောင်းလိက်ပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၈ ဦးကို တွေ့ရှိခဲ့တာပါ။
သူတို့ထဲမှာတော့ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်ပြီး စစ်ဆေးမေးမြန်းချိန်မှာ ဆမွတ် ပရာကန်ခရိုင်မှာ အလုပ်လုပ်ဖို့ သွားရောက်မှာဖြစ်တယ်လို့ ဖြေခဲ့ကြပါတယ်။
လတ်တလောမှာတော့ ယာဉ်မောင်းဖြစ်သူနဲ့ သူတို့အားလုံးကို မဲဆောက်ရဲစခန်းမှာ ဖမ်းဆီးထားကာ ဉပဒေအရ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။