ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အရှေ့ဘက် စုပေါင်းဂိတ်မှာ ပြောင်းဆန်တွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစီးထဲ ပုန်းအောင်းလိုက်ပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ရွေ့ပြောင်းလုပ်သား ၂၆ ယောက်ကို ဇန်နဝါရီ ၂၉ ရက် ည ၁၀ နာရီလောက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါ မြန်မာလုပ်သား ၂၆ ယောက်ဟာ ကရင်ပြည်နယ် မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက်ကို တရားမဝင်ဖြတ်ကူးလာပြီး ဘန်ကောက်မြို့ကို အလုပ်သွားရှာလုပ်ဖို့ ကြိုးစားလာတဲ့သူတွေ ဖြစ်ပါတယ်လို့ ထိုင်းအာဏာပိုင်နဲ့ နီးစပ်သူထံက သိရပါတယ်။
မဲဆောက်မြို့အရှေ့ဘက် စုပေါင်းစစ်ဆေးရေးဂိတ်ဟာ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အဖွဲ့စုံ စစ်ဆေးနေပြီး တရားမဝင်လူကုန်ကူးတာ၊ မူးယစ်ဆေးမှောင်ခိုသယ်ယူမှုတွေကို တင်းကျပ် စစ်ဆေးနေတဲ့ ဂိတ်ဖြစ်ပါတယ်။
အခုလို ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက်နဲ့ ယာဉ်မောင်းတို့ကို ထိုင်းနိုင်ငံတရားဥပဒေ အတိုင်းအရေးယူနိုင်ဖို့ မဲဆောက်မြို့မရဲစခန်းကို လွဲပြောင်းပေးထားတယ်လို့ သိရပါတယ်။