Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာဘက် တရားမဝင်ပို့မည့်  ဆက်သွယ်ရေးပစ္စည်းနှင့် ဆိုင်ကယ်များ ဖမ်းမိ
DVB
·
January 24, 2025

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ မြန်မာဘက်ခြမ်း မြဝတီကို တရားမဝင် တင်ပို့မယ့် ဆက်သွယ်ရေးပစ္စည်းကိရိယာတွေနဲ့ မော်တော်ဆိုင်ကယ်တွေ ဖမ်းဆီးရမိတယ်လို့   ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့  နယ်မြေအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ  ဇန်နဝါရီ ၂၂ ရက်က တာ့ခ်နဲ့ မဲဆောက်မြို့နယ်ကြား အမှတ် ၁၂ အာရှလမ်းမကြီးပေါ်ရှိ ဘန့်ဟွေ့ဟင်ဖွန်ဂိတ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် အနောက်မှာ အလုံပိတ်ထားတဲ့ အီဇူးစူးဟိုင်းလပ်စ်ကားတစီးကိုပါ စစ်ဆေးခဲ့ပါတယ်။

ကားနောက်ခန်းမှာ Wi-Fi  အင်တာနက်လိုင်းဖမ်းကရိယာတွေ အပါအဝင် Gateway၊ Switch အစရှိတဲ့ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာတွေ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ 

ယာဉ်မောင်းသမား  နိုင်းရုန်းလိုတ်က အဲဒီပစ္စည်းကရိယာတွေကို မြန်မာနယ်စပ်ကို ပို့ဆောင်ပေးဖို့ ထိုင်းလူမျိုးတယောက်ကို ငှါးရမ်းစေခိုင်းခဲ့တာကြောင့်  သယ်ဆောင်လာခဲ့ကြောင်း၊ ပစ္စည်းတွေကို တရားမဝင်ကူးတို့ဆိပ်တခုစီ ပို့ဆောင်ပေးရမှာဖြစ်ပြီး မြဝတီဘက်ခြမ်းကလူတွေ လာယူဖို့ရှိတယ်လို့ ထွက်ဆိုသွားပါတယ်။

တာဝန်ရှိသူတွေက အဆိုပါပစ္စည်းနဲ့ ပါဝင်ပတ်သက်သူတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး ကျားဖြန့်လုပ်ငန်းအပါအဝင် တရားမဝင်လုပ်ငန်းတွေမှာ အသုံးပြုဖို့ဖြစ်ပါက ဥပဒေအရ အရေးယူသွားမယ်လို့ ပြောသွားပါတယ်။

အလားတူ ဇန်နဝါရီ ၂၃ ရက်​ ည​ ၆ နာရီလောက်လည်း  မဲဆောက်အ​ရှေ့ဘက် ထိုင်းစု​ပေါင်းဂိတ်မှာ  မြန်မာနိုင်ငံဘက် တရားမဝင်ပို့မယ့် ဆိုင်ကယ် ၄ စီးကို ထိုင်းစစ်တပ် ရဲအခွန်ဌာန ပူး​ပေါင်းအဖွဲ့က ဖမ်းဆီးရမိ​ပါတယ်။

အဆိုပါ ဆိုင်ကယ်တွေဟာ ထိုင်းနိုင်ငံမဲဆောက်ကနေတဆင့် မြန်မာနိုင်ငံ မြဝတီဘက်ကို တရားမဝင် ပို့ဖို့အတွက် ၆ ဘီးကား​ပေါ်မှာ အုပ်ခဲသဲအမှိုက်တွေနဲ့ ဖုံးကွယ်သယ်ဆောင်လာတာလို့  ထိုင်းယာဥ်​မောင်းက ထွက်ဆိုထားပါတယ်။ 

မဲ​ဆောက်မြို့မှာ ကျားဖြန့်နှိမ်နင်းဖမ်းဆီး​ရေး၊ တရားမဝင် လူမှောင်ခိုနှိမ်နင်းရေးနဲ့  တရုတ်နိုင်ငံက ငွေလိမ်လည်ဂိုဏ်းတွေကို ဖမ်းဆီးရမိ​ရေးအတွက် လုံခြုံရေးတင်းကျပ်ထားချိန် ခုလို ဖမ်းဆီးမိတာ ဖြစ်ပါတယ်။

Source : 3Plus News / MGR Online 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013