
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ယာဉ်တွေဟာ မဲဆောက်မြို့က စက်သုံးဆီဆိုင်တွေမှာ လာရောက်ဝယ်ယူနေတယ်လို့ စက်သုံးဆီ အရောင်းဆိုင်ဝန်ထမ်းတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းကစပြီး မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ ရာနဲ့ချီတဲ့ အိမ်စီးကားတွေဟာ မဲဆောက်မြို့မှာ လာရောက်ပြီး စက်သုံးဆီဝယ်ယူနေတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်က စတင်ပြီး မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်မီး၊ လောင်စာဆီ၊ အင်တာနက် ဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့ခံ ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မဲဆောက်မြို့မှာ 91 စက်သုံးဆီ ၁ လီတာကို ထိုင်းဘတ်ငွေ ၃၀၊ 95 ၁ လီတာကို ထိုင်းဘတ်ငွေ ၃၅ ဘတ်နဲ့ ရောင်းချပေးနေပြီး အဝယ်ဘယ်လောက်ပဲလိုက်လိုက် ဈေးပိုမရောင်းဘူးလို့ မဲဆောက်မြို့ ဆီအရောင်းဝန်ထမ်းတယောက်က ဆိုပါတယ်။
မြဝတီမြို့ခံတယောက်က “မြဝတီမှာ ဆီဝယ်မရလို့ မနက် ၅ နာရီထိုးလောက်တည်းက အမှတ် ၁ ချစ်ကြည်ရေးတံတားကို ရောက်နေတာ။ ခုမြင်တဲ့အတိုင်းပဲ၊ ကိုယ့်ထက်အရင်ရောက်နေတဲ့ ကားတွေက ပုံထပ်နေလို့ တန်းစီပြီးစောင့်နေတာ” လို့ DVB ကို ပြောပါတယ်။
ထိုင်းနိုင်ငံဘက်အခြမ်းကနေ မြဝတီဘက်ကို စက်သုံးဆီ သယ်ယူတာကို ထိုင်းအာဏာပိုင်တွေဘက်က စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ မြဝတီ-မဲဆောက် ပြေးဆွဲနေတဲ့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။