
တရုတ်နဲ့ မြန်မာအပါအဝင် ဒေသတွင်း ၆ နိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီကြပြီး တပြိုင်နက်ဆိုသလို ကျားဖြန့်တိုက်ဖျက်ရေးအတွက် စစ်ကောင်စီ လက်သီးလက်မောင်းတန်း တာထွက်လာပုံက ထိုင်းနိုင်ငံကို အပြစ်ပုံချလိုက်ခြင်းပါပဲ။
ဇန်နဝါရီ ၂၁ ရက် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပတဲ့ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ ပါဝင်တဲ့ အစည်းအဝေးက တရုတ် မာဖီးယား ကျားဖြန့်ဂိုဏ်း ခေါင်းဆောင်တွေကို ဖမ်းဆီးရေးနဲ့ ကျားဖြန့်ပပျောက်အောင် နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ကြမယ်လို့ သဘောတူခဲ့ကြတာပါ။ ဇန်နဝါရီ ၂၀ ရက်စွဲနဲ့ စစ်ကောင်စီ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေထဲမှာ ကျားဖြန့်တွေ ချိုကြွနေကြောင်း ဝန်ခံထားပေမဲ့ ရွှေကုက္ကိုလ်ဆိုတာ ၂၀၁၆ ခုနှစ်တုန်းက ဒေသဖွံ့ဖြိုးရေး အကြောင်းပြချက်နဲ့ တည်ဆောက်ခဲ့တဲ့ စီမံကိန်းဖြစ်ကြောင်း ဖော်ပြထားတာကြောင့် ဒါဟာ ပြည်ခိုင်ဖြိုးအစိုးရနဲ့ NLD အစိုးရလက်ထက် စီမံကိန်းဖြစ်ပြီး စစ်ကောင်စီနဲ့ ဘာဆိုဘာမှ မဆိုင်ကြောင်း ပြောလိုဟန်တူပါတယ်။
ဆက်လက်ပြီး စစ်ကောင်စီက အဲဒီနယ်မြေတွေမှာ လက်နက်ကိုင်အဖွဲ့စုံ လှုပ်ရှားရပ်တည်နေပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့ အကန့်အသတ်ရှိခြင်းကြောင့် ဒုစရိုက်မှုတွေ ကျူးလွန်နေကြတယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ အဲဒီဒေသက အွန်လိုင်းလိမ်လည်မှုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးနဲ့ အင်တာနက်ကို တဖက်နိုင်ငံ(ထိုင်းနိုင်ငံ)ကနေ ရယူနေခြင်းဖြစ်ပြီး အခြေခံအဆောက်အဦနဲ့ ရင်းနှီးမြှုပ်နှံမှု အများစုကလည်း ပြည်ပအဖွဲ့အစည်းတွေက လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း ဇန်နဝါရီလအတွင်း မြဝတီ-ရွှေကုက္ကိုလ်နယ်မြေသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ တရုတ်မင်းသား ဝမ်ကျင်းနဲ့ တရုတ်နိုင်ငံသားတချို့ဟာ ထိုင်းနိုင်ငံကနေတဆင့် မြဝတီဘက်သို့ ရောက်ရှိခဲ့သူတွေ ဖြစ်ကြောင်း၊ ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဝိုင်ဝန်းတိုက်ဖျက်ကြဖို့ လိုကြောင်း၊ စစ်ကောင်စီကတော့ တောက်လျှောက်ဆိုသလို ကျားဖြန့်တွေကို ဖမ်းဆီးတိုက်ဖျက်ကာ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲ ပြောင်းပေးနေပါကြောင်း သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို ချုပ်ရရင် မြဝတီကျားဖြန့်ဂိုဏ်းဟာ သူတို့နဲ့ ဘာဆိုဘာမှ မပတ်သက်ကြောင်းနဲ့ ပတ်သက်နေတဲ့ နိုင်ငံတွေအနေနဲ့ ကိုယ့်ကိစ္စကိုယ်လုပ်ကြဖို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို ထိုင်းကာကွယ်ရေးဝန်ကြီးက ပယ်ချခဲ့တယ်။ ကျားဖြန့်ပြဿနာဟာ အားလုံးပါဝင်ပတ်သက်နေတဲ့ ရှုပ်ထွေးမှုတခုဖြစ်ပြီး ကျားဖြန့်ဂိုဏ်းတွေဟာ နိုင်ငံနယ်စပ်တွေကို ဖြတ်ကျော်လုပ်ကိုင်နေတာကြောင့် ထိုင်းနိုင်ငံတခုတည်းရဲ့ အမှားမဟုတ်ဘူးလို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ဆိုတယ်။
ဘယ်လိုအကြောင်းကြောင့် လျှပ်စစ်မီးပေးထားသည် ဖြစ်စေ၊ ထိုင်းလျှပ်စစ်နဲ့ အင်တာနက်ကို မြဝတီ ကျားဖြန့်တွေ ရယူသုံးစွဲနေတာကြောင့် ထိုင်းအစိုးရနဲ့ ကျားဖြန့် ဘာမှမပတ်သက်ကြောင်း သက်သေပြရတော့တယ်။ ဖေဖော်ဝါရီ ၅ ရက်မှာ ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်မြို့က နေရာ ၅ ခုကို ထိုင်းအစိုးရက လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီတင်သွင်းမှု ရပ်ဆိုင်းပစ်ခဲ့ပြီး ကျားဖြန့်နှိမ်နင်းရေး လက်တွေ့ လုပ်ဆောင်ပြခဲ့တယ်။
ထိုင်းအစိုးရက မြန်မာဘက်ကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့တာကြောင့် တလကို ဘတ်သန်း ၆၀၀ ကျော် ဆုံးရှုံးတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဇန်နဝါရီ ပထမပတ်အတွင်း တရုတ်မင်းသား ဝမ်ကျင်း တရုတ်မာဖီးယား ကျားဖြန့်ဂိုဏ်းရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် ထိုင်းကိုလာလည်ဖို့ ကြိုတင်အမှာလုပ်ထားတဲ့ တရုတ်ခရီးသွား ထောင်နဲ့ချီ ခရီးစဉ်တွေ ပြန်ဖျက်သိမ်းခဲ့တာကြောင့် တရုတ်ဧည့်သည်တွေအပေါ် ကြီးကြီးမားမား မှီခိုနေရတဲ့ ထိုင်းခရီးသွားလုပ်ငန်း ရေရှည်မှာ ထိခိုက်လာနိုင်မယ့် ဘေးကနေ ဟန့်တားလိုက်ခြင်းလည်း ဖြစ်တယ်။ ဒါ့အပြင် လတ်လတ်ဆတ်ဆတ် ထိုင်း ရလိုက်တဲ့ အကျိုးအမြတ်က တရုတ်အစိုးရရဲ့ အသိအမှတ်ပြု ကျေးဇူးတင်ရှိမှုပါပဲ။
ထိုင်းအစိုးရက မီး၊ အင်တာနက်နဲ့ လောင်စာဆီ ဖြတ်တောက်ပြီး နောက်တရက် ဖေဖော်ဝါရီ ၆ ရက်မှာ ထိုင်းဝန်ကြီးချုပ်နဲ့ တရုတ်သမ္မတတို့ ပေကျင်းမှာ တွေ့ဆုံကြခြင်းက တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ကျားဖြန့်နှိမ်နင်းရေးကနေတဆင့် နှစ်နိုင်ငံ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ထိုင်းအစိုးရရဲ့ ရည်ရွယ်ချက်ကြီးမှုပါပဲ။
ဖေဖော်ဝါရီ ၆ ရက်၊ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်မှာ ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကျားဖြန့်နှိမ်နင်းမှုကို အင်တိုက်အားတိုက် ဆောင်ရွက်နေတဲ့အပေါ် တရုတ်နိုင်ငံက ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ပြီး မကြာ၊ နေပြည်တော်စစ်ဗိုလ်ချုပ်တွေရဲ့ ကျားဖြန့်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုက မြဝတီမြို့ပေါ်မှာ ထိုင်းကို ဆန့်ကျင်ဆန္ဒပြခြင်းပါပဲ။
ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ချက်တုန်းက ကျားဖြန့်တွေကို ထိုင်းအစိုးရက လျှပ်စစ်မီးနဲ့ အင်တာနက် ထောက်ပံ့နေသယောင် ပြောဆိုခဲ့တဲ့ စစ်ကောင်စီဟာ ထိုင်းက ဖြတ်သုံးဖြတ် ဖြတ်ပြီးချိန်ကျတော့လည်း ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်စီးဆင်းမှု ရပ်တန့်ပေးရေး ခေါင်းစဉ်နဲ့ စစ်တပ်နဲ့ BGF ထောက်ခံသူတွေက မြဝတီမြို့ပေါ်မှာ ဆန္ဒပြပါတော့တယ်။ ဆန္ဒပြပွဲ စီစဉ်သူတဦးက အင်အား ၃,၀၀၀ နဲ့ ဆန္ဒဖော်ထုတ်ကြမယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ လက်တွေ့မှာတော့ အင်အား ၃၀ လောက်နဲ့ အော်ဟစ်ကြတာပါ။ ဆန္ဒပြသူတွေဟာ တရားမဝင် နယ်စပ်ဂိတ်တွေ ပိတ်ပင်ဖို့၊ ထိုင်းကုန်စည်တွေ မသုံးဖို့၊ မြဝတီက နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား နှစ်စင်းကို ပိတ်ဖို့အထိ အော်ဟစ်ခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲဟာ စစ်ကောင်စီရဲ့ စေခိုင်းချက်ကြောင့် မဟုတ်ရင်တောင် စစ်ကောင်စီ ထောက်ခံခွင့်ပြုချက်ကြောင့်ဆိုတာ မြန်မာပြည်သူတွေတင်မက တရုတ်ရော ထိုင်းအစိုးရပါ အခိုင်အမာ သိကြမှာပဲ။ အဲဒီဆန္ဒပြပွဲကို နောက်တမျိုးဆိုရရင် ကျားဖြန့်နှိမ်နင်းရေးကို ကန့်ကွက်လိုက်ခြင်းပါပဲ။ ထပ်ပြောရရင် တရုတ်ပေးတဲ့ အသက်နဲ့ ဆက်နေတဲ့ စစ်ကောင်စီက တရုတ်ကို အာခံလိုက်ခြင်းလို့လည်း မှတ်ယူနိုင်ပါတယ်။
လက်ရှိမှာ ထိုင်းအစိုးရရဲ့ ဖြတ်သုံးဖြတ်ကို ရာနှုန်းပြည့်ခံနေရတာကတော့ နယ်စပ်နေ မြန်မာပြည်သူတွေပဲ ဖြစ်ပါတယ်။ ထိုင်းအစိုးရက အခုလို လုပ်ဆောင်တော့မှာကို ကြိုတင်သတင်းရထားဟန်တူတဲ့ ကျားဖြန့်တွေကတော့ မီးစက်တွေဝယ်၊ ဆိုလာတွေတပ်၊ လောင်စာဆီတွေစု၊ စတားလင့်အင်တာနက်တွေဆင်နဲ့ ဟန်မပျက် ဆက်လက် ပန်းပန်လျက်ပါပဲ။
ထိုင်း ဆိုတာလည်း မြန်မာနဲ့အပြိုင် အဂတိလိုက်စားမှုတွေ တင်းကြမ်းပြည့်နေတာမို့ ထိရောက်တဲ့ ကိုင်တွယ်မှုတွေ လျော့ပါးသွားချိန်မှာ ထိုင်းလောင်စာဆီတွေ အောက်လမ်းကနေ ဝင်လာနိုင်သလို မြဝတီပြည်သူတွေအတွက် လောင်စာဆီဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါနတောင်တန်းကို ကျော်ကာ ရောက်လာနိုင်ပါတယ်။ အဲဒီလိုဆို မြဝတီမှာ လောင်စာဆီဈေး သိပ်ကြီးသွားနိုင်တာကြောင့် ပြည်သူတွေ ခက်ခဲဦးမှာဖြစ်ပေမဲ့ ငွေသိပ်ပေါတဲ့ ကျားဖြန့်တွေကတော့ ယပ်ခတ်မပျက်နိုင်ပါဘူး။
ပြောရရင် ထိုင်းအစိုးရရဲ့ ဖြတ်သုံးဖြတ်စစ်ဆင်ရေးကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နိုင်ခဲ့ရင်တောင် မြဝတီကျားဖြန့်တွေရဲ့ အရှိန်ကို အကန့်အသတ်နဲ့သာ ဟန့်တားနိုင်မယ်လို့ ထင်ရပါတယ်။ လတ်တလော ကျားဖြန့်တိုက်ဖျက်ရေး အားကောင်းနေတာကြောင့် မြဝတီတကြောမှာ ကျားဖြန့်တွေ အခြေပြုရခက်နေရင်လည်း မြန်မာနိုင်ငံတွင်းက စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ လွှမ်းမိုးထားတဲ့ တနေရာရာကို ယာယီရွှေ့ပြောင်းအခြေစိုက်နိုင်ကြောင်း လောက်ကိုင် ကျားဖြန့်ဂိုဏ်းပြိုချိန် ကျားဖြန့်တွေ မြဝတီဘက် ရွှေ့လာခြင်းက လမ်းညွှန်ပေးနေပါတယ်။
မြဝတီကျားဖြန့်ဂိုဏ်းကို မြဝတီမြေပေါ်ကနေ လုံးဝရှင်းနိုင်ဖို့ဆိုတာ လောက်ကိုင်က စစ်ကောင်စီဩဇာခံ ကိုးကန့်ခေါင်းဆောင်တွေကို ရှင်းပစ်ခဲ့သလို ကရင် BGF တွေကို မြေလှန်ပစ်နိုင်ဖို့ လိုပါမယ်။ တရုတ်ရဲ့ဖိအားကြောင့် စစ်ကောင်စီက BGF ကို မျက်စောင်းထိုးမိရင်တောင် မြဝတီမြို့ကို BGF သိမ်းတာ ခံရနိုင်ပါတယ်။ စစ်ကောင်စီဩဇာခံ လောက်ကိုင် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ အပေါင်းအပါတွေကို တရုတ် ဖိအားကြောင့် တရုတ်အစိုးရလက်ထဲ ထိုးအပ်ခဲ့သလိုမျိုး ကရင် BGF ခေါင်းဆောင် စောချစ်သူကို တရုတ်လက် အပ်နိုင်ဖို့ဆိုတာလည်း စစ်ကောင်စီ မစွမ်းဆောင်နိုင်ပါဘူး။
ကျားဖြန့် ဆိုတာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဩဇာခံ ပြည်သူ့စစ်တို့ ကြီးစိုးရာဒေသတွေမှာ အရှိန်အဟုန်နဲ့ ကြီးထွားလာတာပါ။ ကျားဖြန့်တွေကို အရင်းအမြစ်ကနေ မြေလှန်ပစ်နိုင်ဖို့ဆိုတာက စစ်ကောင်စီ သက်ဆိုးရှည်နေရွေ့ စိတ်ကူးယဉ်လို့သာ ရနိုင်မှာပါ။ စစ်ကောင်စီကိုလည်း သက်ဆိုးရှည်စေချင်၊ ကျားဖြန့်လည်း ပျက်သုဉ်းစေချင်တယ် ဆိုတဲ့ ပေကျင်းရဲ့ အိပ်မက်ကို ချက်ချင်းရပ်ပစ်သင့်ပါပြီ။
ဝင်းမိုး