Home
မြန်မာသတင်း
ဘုရားသုံးဆူတွင် ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်ခြင်းမရှိဟု DKBA ငြင်းဆို
DVB
·
February 10, 2025

ကရင်ပြည်နယ်၊ ဘုရားသုံးဆူ နယ်မြေအတွင်းမှာ အွန်လိုင်း ငွေကြေးလိမ်လည်လုပ်ငန်း ကျားဖြန့်အလုပ်တွေနဲ့ လူကုန်ကူးတာတွေ မရှိဘူးလို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ပြောပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ရောက်နေတဲ့ တရုတ်လူမျိုးတွေ ဖေဖော်ဝါရီ ၂၈ ရက် မတိုင်ခင် အမြန်ဆုံးထွက်ခွာသွားကြဖို့ DKBA က ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ရောက်ရှိနေသူတွေ၊ ကာစီနိုလောင်းကစားအလုပ်တွေ၊ ဂိမ်းရုံတွေ လုပ်ကိုင်နေကြတဲ့ တရုတ်လူမျိုးတွေကို အမြန်ဆုံးထွက်ခွာဖို့နဲ့ မထွက်ခွာရင် ထိရောက်စွာ အရေးယူသွားမယ်လို့ အမိန့်ထုတ်ပြန်ထားတာပါ။

ဘုရားသုံးဆူမှာ အွန်လိုင်း ငွေလိမ်လည်မှု ကျားဖြန့် အပါအဝင် တရားမဝင် လူကုန်ကူးတာ၊ လူရောင်းစားတာ၊ နှိပ်စက်ခံရတာ စတာတွေ မရှိဘူးလို့ DKBA အမှတ် ၂၊ နည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီး စောအေဝမ်းက DVB ကို ပြောပါတယ်။

“ကျနော့် ဘုရားသုံးဆူဒေသမှာ ရောက်လာတဲ့ တရုတ်လူမျိုး ကိုးကန့်တွေက ကျားဖြန့်လုပ်ငန်း လုပ်နိုင်တဲ့သူ မတွေ့ရဘူး။ တော်တော်များများ စစ်ပြေးဒုက္ခနဲ့ လောက်ကိုင်မှာ စစ်ဖြစ်ပြီးနောက် ရောက်လာတယ်။ တချို့က လားရှိုးအတိုက်ခံရချိန်မှာ တချို့ ဒီကိုရောက်လာတယ်။ တချို့ မြဝတီ ရောက်သွားတယ်။ သူတို့ လူမျိုးကလည်း ဒါတွေပဲ လုပ်စားတာကိုး။ လောင်းကစားတို့ ဒါတွေပဲ တွေ့ရတယ်။ ဘုရားသုံးဆူမှာလည်း လူကုန်ကူးတာ၊ လူရောင်းဝယ်တာ၊ မကောင်းတဲ့မိန်းကလေး ရောင်းတာလည်း မရှိဘူး။ တဖက်နိုင်ငံက တရုတ်လူမျိုး အနည်းအကျဉ်း တာချီလိတ်ကနေ လာသွားတာတို့ ရှိတယ်။ တကယ့်တကယ်တမ်းက အဲ့လူတွေ လူကုန်ကူးခံရတာ၊ နှိပ်စက်ခံရတာတွေ မရှိဘူး။”

ဘုရားသုံးဆူမြို့အတွင်း တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေ လာရောက်အခြေချ လုပ်ဆောင်နိုင်တာ မရှိစေဖို့၊ မြို့နေပြည်သူတွေ လူမှုစီးပွား ထိခိုက်နစ်နာတာတွေ လျော့ပါးသက်သာစေဖို့ လုပ်ဆောင်သွားမယ်လို့လည်း DKBA က ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်အတွင်း ပျံ့နှံ့နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီက လျစ်လျူရှုခဲ့ကြပြီး အခုမှ တရုတ်ရဲ့ဖိအားကြောင့် ကျားဖြန့် တိုက်ဖျက်ရေးမှာ လုပ်ဆောင်လာတာလို့ ထိုင်း-မြန်မာ လူကုန်ကူးတိုက်ဖျက်ရေး ကူညီပေးသူတွေက ပြောပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူး ကူညီပေးနေသူတယောက်က “ကျားဖြန့်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီဘက်ခြမ်းကို ဒါကို BGF တို့ KNU, DKBA, မြန်မာစစ်တပ် အပါအဝင် အားလုံး လျစ်လျူရှုခဲ့ကြတယ်။ အခုမှ တရုတ်ရဲ့ဖိအားကြောင့် လုပ်နေတယ် ဆိုတာကို မှတ်ချက်ပေးချင်တယ်။ အခု ဘုရားသုံးဆူဘက် ရွှေ့ပြောင်းသွားတာလည်း ဒါ BGF ရဲ့ လမ်းကြောင်းတွေပဲဆိုတာ ကျနော်တို့ မမေ့သင့်ဘူး။ ရွှေကုက္ကိုလ်ကနေ မြဝတီ၊ မြဝတီကနေ KK Park၊ ဒီ ကရင်ပြည်နယ်တလျှောက်လုံး အခု အတွင်းထဲမှာ မှိုလိုပေါက်နေပြီ။ ကျားဖြန့်တွေ၊ ငွေလိမ်ဂိုဏ်းတွေ မှိုလိုပေါက်နေတယ်။ နိုင်ငံတော်အစိုးရ အကြီးအကဲတွေကအစ ကျားဖြန့်တွေထဲမှာ ပါဝင်ပတ်သက်နေတယ်” လို့ ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေနဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ထိုင်းနိုင်ငံအစိုးရက မြဝတီ၊ တာချီလိတ်နဲ့ ဘုရားသုံးဆူတို့ကို လျှပ်စစ်မီးနဲ့ လောင်စာဆီ တင်ပို့တာတွေ ဖြတ်တောက်ခဲ့တဲ့ အတွက် ဘုရားသုံးဆူမှာလည်း လျှပ်စစ်မီးပြတ်တောက်ပြီး ပြည်သူတွေ အခက်အခဲ ဖြစ်နေကြပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ တရုတ်အပါအဝင် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF, KNU, DKBA တို့က ထုတ်ပြန်ထားပြီး စစ်ကောင်စီ၊ NUG တို့ကလည်း အသီးသီး ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024