
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အတွင်း တရားမဝင်ရောက်နေတဲ့ တရုတ်လူမျိုးတွေ ဖေဖော်ဝါရီ ၂၈ ရက်မတိုင်ခင် အမြန်ဆုံးထွက်ခွာသွားကြဖို့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA က ဖေဖော်ဝါရီ ၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
စားသောက်ကုန် ရောင်းချတဲ့လုပ်ငန်းတွေ၊ ကာစီနိုလောင်းကစားလုပ်ငန်းတွေ၊ ဂိမ်းရုံ လုပ်ကိုင်နေကြတဲ့ တရုတ်လူမျိုးတွေကို ထွက်သွားခိုင်းတာဖြစ်ပြီး မထွက်ရင် ထိထိရောက်ရောက်အရေးယူမှာဖြစ်သလို နောင်မှာလည်း ဘုရားသုံးဆူမြို့အတွင်း တရုတ်လူမျိုးတွေ တရားမဝင်ထပ်မဝင်လာအောင် ပိတ်ပင်မယ်လို့ ဆိုပါတယ်။
ဘုရားသုံးဆူမြို့အတွင်း တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေနဲ့ အွန်လိုင်း လောင်းကစား လုပ်ငန်းတွေ လာရောက်အခြေချ လုပ်ဆောင်နိုင်တာမရှိစေဖို့နဲ့ မြို့နေပြည်သူတွေ လူမှုစီးပွား ထိခိုက်နစ်နာတာတွေ လျော့ပါးသက်သာစေဖို့အတွက် DKBA အမှတ် ၂ နည်းဗျူဟာအနေနဲ့ အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်လုပ်ငန်းတွေနဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံအစိုးရက လျှပ်စစ်မီးနဲ့ လောင်စာဆီတင်ပို့တာတွေကို ဖြတ်တောက်ခဲ့တဲ့အတွက် ဘုရားသုံးဆူမြို့က ပြည်သူတွေဟာ လျှပ်စစ်မီးပြတ်တောက်ပြီး လူမှုစီးပွားထိခိုက်နစ်နာနေကြတယ်လို့ DKBA က ဆိုပါတယ်။
ထိုင်းနိုင်ငံအစိုးရက ဘုရားသုံးဆူမြို့ အပါအဝင် နယ်စပ်မြို့တွေကို ဖေဖော်ဝါရီ ၅ ရက်မှာ စတင်ပြီး လျှပ်စစ်မီးနဲ့ လောင်စာဆီတင်ပို့တာတွေ ဖြတ်တောက်ခဲ့ပါတယ်။
တရုတ်အပါအဝင် နိုင်ငံတော်တော်များများကလူတွေကို လိမ်လည်ပြီး မြဝတီမြို့မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေဆီပို့ဆောင်ခိုင်းစေတာကို နိုင်ငံတကာက သိလာပြီးနောက်မှာ စစ်ကောင်စီကရော သူနဲ့ဆက်စပ်တဲ့လက်နက်ကိုင်အဖွဲ့တွေကပါ ကျားဖြန့်အလုပ်ကို နှိမ်နင်းနေတယ် လို့ ပြောလာကြတာပါ။