
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ကို လာအိုနိုင်ငံက ရောင်းထားတဲ့ လျှပ်စစ်ဝန်အားကို တရုတ်ဖိအားကြောင့် လျှော့ချလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
လာအိုနိုင်ငံဘက်ကနေ တာချီလိတ်မြို့ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဝန်အားကို ဖေဖော်ဝါရီ ၆ ရက် ည ၁၁ နာရီမှာ စတင်လျှော့ချလိုက်တာပါ။
တာချီလိတ်မြို့ဟာ ထိုင်းနိုင်ငံက လျှပ်စစ်မီးကို PED ကုမ္ပဏီကတဆင့် ထိုင်းနိုင်ငံက ၂၀ မဂ္ဂါဝပ်၊ လာအိုနိုင်ငံက လျှပ်စစ်မီးကို အရှေ့ပိုင်းချင်းလုံ ကုမ္ပဏီကတဆင့် ၃၀ မဂ္ဂါဝပ် ဝယ်ယူကာ မြို့နယ်မီးလင်းရေး ဦးဆောင်ကော်မတီကနေ မြို့နေလူထုဆီကို လျှပ်စစ်မီး ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘက်က နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်နဲ့ တာချီလိတ်မြို့ကို ပေးထားတဲ့ လျှပ်စစ်မီးကို ဖြတ်တောက်ခဲ့ပြီးနောက် လာအိုဘက်က ဝယ်ထားတဲ့ လျှပ်စစ်ကို အစားထိုးကာ မြို့ပေါ်ရပ်ကွက်တွေကို အစားထိုးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လာအိုဘက်ကလည်း ဝယ်ထားတဲ့ လျှပ်စစ်ဝန်အား ၃၀ မဂ္ဂါဝပ်အစား အရင်အသုံးပြုခဲ့တဲ့ ၁၃ မဂ္ဂါဝပ်ကိုသာ ပေးပြီး ကျန်တဲ့ ၁၇ မဂ္ဂါဝပ်ကို လျှော့ချလိုက်တယ်လို့ သိရပါတယ်။
တာချီလိတ် မီးလင်းရေးကော်မတီနဲ့ နီးစပ်သူတယောက်က “အခု မီးက လာအိုနဲ့ အားကိုးပြီး ရပ်တည်နေပါတယ်ဆို လာအိုက တရုတ်ဖိအားကြောင့် လျှော့ချလိုက်ပြီ။ သူတို့ဆီကနေ တရားဝင် ဝယ်ထားတာက ၃၀ မဂ္ဂါဝပ်လေ၊ ထိုင်းဘက်က ၂၀ လျှော့သွားတော့ သူ့ကို အစားထိုးပြီး သုံးနေရတာ။ အခု သူက မရောင်းတော့ဘူးတဲ့၊ အရင်က သုံးခဲ့တဲ့ ၁၃ မဂ္ဂါဝပ်ကိုပဲ ရောင်းတော့မှာတဲ့၊ မီးတော့မဖြတ်ဘူး၊ ကန့်သတ်လိုက်တယ်၊ ၃၀ စာချုပ် ချုပ်ထားတာကို ၁၃ ပဲပေးတော့တာ၊ အဲဒါကို မျှသုံးစွဲရမယ်တဲ့” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံဘက်က နေရာ ၅ ခုကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်တဲ့အတွက် တာချီလိတ်ဒေသမှာတော့ လာအိုနိုင်ငံဘက်က လျှပ်စစ်မီးကို သုံးစွဲနေတာ ဖြစ်ပါတယ်။