Home
မြန်မာသတင်း
တာချီလိတ်တွင် ထိုင်းမှလျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်သော်လည်း လာအိုမှ မီးရရှိနေ
DVB
·
February 6, 2025
Photo-bangkokpost.

ထိုင်းနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံဘက်က နေရာ ၅ ခုကို ထိုင်းနိုင်ငံဘက် လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်ပေမဲ့ တာချီလိတ်ဒေသမှာတော့ လာအိုနိုင်ငံဘက်က လျှပ်စစ်မီးရယူသုံး စွဲနေတဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

တာချီလိတ်မြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး ချာရင် တုံဆွတ်ကတော့ အဆိုပါဒေသက အာဏာပိုင်တွေဟာ လာအိုဘက်က လျှပ်စစ်ဓာတ်အား တိုးမြှင့် တင်သွင်းမှုတွေ လုပ်ဆောင်နေပြီး လုပ်ငန်းစဉ်ပြီးဆုံးဖို့ ရက်အနည်းငယ် အချိန်ယူရမယ်လို့ ပြောပါတယ်။

ထိုင်းဘက်က လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် တာချီလိတ်ဒေသက အိမ်ထောင်စု ၇၅၀၀ လောက်၊ ဘုရားကျောင်း ၆၅ ကျောင်း၊ စာသင်ကျောင်း ၄၅ ကျောင်း၊ စစ်တပ်စ ခန်း ၁၅ ခုနဲ့ ဆေးရုံ ၅ ရုံအပေါ် ထိခိုက်စေခဲ့တဲ့အကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တာချီလိတ်မြို့ဟာ ထိုင်းနိုင်ငံက လျှပ်စစ်မီးကို PED ကုမ္ပဏီကတဆင့် ထိုင်းနိုင်ငံက ၂၀ မဂ္ဂဝပ်၊ လာအိုနိုင်ငံက လျှပ်စစ်မီးကို အရှေ့ပိုင်းချင်းလုံ ကုမ္ပဏီကတဆင့် ၃၀ မဂ္ဂဝပ် ဝယ်ယူကာ မြို့နယ်မီးလင်းရေးဦးဆောင် ကော်မတီကနေ မြို့နေလူထုဆီကို လျှပ်စစ်မီးဖြန့်ဝေပေးတာဖြစ်ပါတယ်။

ထိုင်းဘက်က လျှပ်စစ်မီး အသုံးပြုထားတဲ့ မီးပျက်တောက်သွားတဲ့ နေရာတွေကို မြို့နယ်မီးလင်းရေး ဦးဆောင်ကော်မတီက လာအိုနိုင်ငံဘက်က ရယူထားတဲ့ လျှပ်စစ်နဲ့ အစားထိုးကာ ဖေဖော်ဝါရီ ၅ ရက် ည ၇ နာရီမှာ ပြန်လည် ဓာတ်အားဖြန့်ဖြူးပေးနေတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ခံက "မနေ့က ညနေ ၅ နာရီလောက်က စလာတယ်၊ ဒီနေ့မနက် ၈ နာရီလောက်ကျတော့ တချက်ပြန်ပျက်တယ်၊ ကိုးနာရီခွဲလောက်ပြန်လာတယ်၊ အခုက တာချီလိတ်က လော (လာအို) မီးယူလိုက်တယ်လေ ထိုင်းမီးက သူတို့ကမပေးတော့လို့ ၊ လောမီးနဲ့ အခုမြို့တွင်းက ပျက်သွားတဲ့‌ နေရာတွေကို ပြန်ပြီးတော့ လင်း‌အောင် လုပ်လိုက်တာပေါ့နော်"လို့ ပြောပါတယ်။

မီတာခနှုန်းထားတွေကိုတော့ အိမ်သုံးမီတာကို တယူနစ် ၅ ဒသမ ၈ ဘတ်၊ လုပ်ငန်းသုံးမီတာကို တယူနစ် ၇ ဒသမ ၂ ဘတ်နှုန်းပေးဆောင်ရတယ်လို့ သိရပါတယ်။
ကျားဖြန့်ကိစ္စဟာ ဒေသတွင်းလုံခြုံရေး ကိစ္စဖြစ်တဲ့အတွက် လာအိုနိုင်ငံဘက်ကလည်းသူတို့ ရောင်းထားတဲ့ လျှပ်စစ်တွေကို ဘယ်နေရာမှာ အသုံးချနေတယ်ဆိုတာတွေကို မေးမြန်းစုံစမ်းနေတယ်လို့ သိရပါတယ်။
မြို့နယ်မီးလင်းရေးဦးဆောင် ကော်မတီအနေနဲ့လည်း လျှပ်စစ်ကို အိုးအိမ်နဲ့ လုပ်ငန်းပိုင်ဆိုင်မှုအ ထောက်အထားပြနိုင်သူကိုသာ မြို့နယ်ထွေအုပ်ရဲ့ ထောက်ခံစာနဲ့ လျှပ်စစ်ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
မြို့နယ်မီးလင်းရေးဦးဆောင် ကော်မတီက “ မီးကတော့ အပြီးဖြတ်တာမဟုတ်ဘူးလို့တော့ သဘောရတာပေါ့နော်၊ ဘယ်လောက်ဖြတ်မယ်ဆိုတာတော့ အတိအကျ ပြန်မပြောထားဘူး။ ထိုင်းဘက်က မီးကိုလည်း ပြန်ရဖို့ နိုင်ငံတော်အဆင့်ကရော မီးလင်းရေးကော်မတီက‌ရော ညှိနှိုင်းနေကြတယ်။ ဒီကိစ္စကလည်း နိုင်ငံတော်အဆင့်ဆိုတော့ လာအိုဘက်ကလည်း လာစုံစမ်းနေတယ်။ သူတို့ မီးကိုဘယ်နေရာတွေပေးထားသလဲပေါ့။ ကျနော်တို့ဘက်ကလည်း သူ့လျှပ်စစ်ကို ကျားဖြန့်မှာ မသုံးပါဘူး၊ လူမှုစီးပွားရေး ကျန်းမာ‌ရေး ဒေသဖွံ့ဖြိုးရေး ဘာသာရေး၊ သာသနာရေးစတဲ့နေရာတွေမှာ သုံးနေကြောင်းဖြေပေးနေရတယ်၊ ထိုင်းကတော့ ၁ လပိုင်းမှာကတည်းက ကြားဖြန့်ကိစ္စနဲ့ သတင်းထွက်ပြီးအခုဖြတ်လိုက်တာပေါ့”လို့ ပြောပါတယ်။
တာချီလိတ်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၁၁ ခုရှိနဲ့ ကျေးရွာအုပ်စု ၇ ခုရှိကာ မြို့ပေါ်ရပ်ကွက်တွေက ထိုင်းနိုင်ငံက လျှပ်စစ်ကို အသုံးပြုနေတဲ့အတွက် မီးပျက်တောက်မှုတွေ ကြုံခဲ့ရတာပါ။

ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီကနေ စတင်ပြီးတော့ ဖြတ်တောက်လိုက်တဲ့  နေရာ ဒေသတွေကတော့ မဲဆောက်-မြဝတီ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ အပါအဝင် မြဝတီနယ်စပ်နေရာ ၂ ခု၊ မယ်ဆိုင်-တာချီလိတ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ အပါအဝင် တာချီလိတ် နယ်စပ်နေရာ ၂ ခုနဲ့ ဘုရားသုံးဆူဒေသတွေ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ ဖြတ်တောက်မှုဟာ ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို ရည်ရွယ်ပေမဲ့  နယ်စပ်ဒေသတလျှောက် တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်နွှယ်မှုမရှိတဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲတဲ့ ဒေသခံ ပြည်သူတွေကိုပါ ထိခိုက်မှုရှိနေတာပါ။

ဒါ့အပြင် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကြောင့် ထိုင်းနိုင်ငံအနေနဲ့ တနှစ်ကို ဘတ်ငွေသန်း ၆၀၀ ထိ ဆုံးရှုံးနိုင်တယ်လို့  ထိုင်းပြည်ထဲရေးဝန်ကြီး အနုတင် ချားဝီရာ ကူလ်က ပြောဆိုထားသလို လက်ရှိအချိန်ထိ ထိုင်းကနေ မြန်မာဘက်ကို နှစ်စဉ် လျှပ်စစ် ဓာတ်အား ၂၀ ဒသမ ၃၇ မဂ္ဂါဝပ်ထိ ပေးဝေခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ မြန်မာအာဏာပိုင်တွေဘက်ကသာ နယ်စပ်တလျှောက် ကျားဖြန့်အွန် လိုင်းရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ ကတိပေးမယ်ဆိုရင်တော့ ထိုင်းဘက်က လျှပ်စစ် ဓာတ်အားပေးဝေမှုကို ပြန်လည်လုပ်ဆောင်နိုင်မယ်လို့ သူက ပြောပါတယ်။

ခုလတ်တလော ထိုင်းဘက်က လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုကြောင့် ကျားဖြန့်အွန် လိုင်းငွေလိမ်ဂိုဏ်းတွေအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မလားဆိုတဲ့ မေးခွန်းကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုလိုက်ပါတယ်။

Source: Bangkok Post 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013