
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်ကုန်ပစ္စည်းတွေအပေါ် ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန်သစ် ကောက်ခံတာ၊ တန်ဖိုးနည်း ပါဆယ်တွေအပေါ် အခွန်ကင်းလွတ်ခွင့် ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှာ တိုင်ကြားလိုက်ပါတယ်။
ဒါဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒီ (protectionist) တွေရဲ့ လုပ်ရပ်ဖြစ်ပြီး WTO စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်တယ်လို့ တရုတ်က တိုင်ကြားပါတယ်။
ဒါ့အပြင် တန်ဖိုး ဒေါ်လာ ၈၀၀ အောက် ပါဆယ်တွေကို အခွန်ကင်းလွတ်ခွင့်ပေးတဲ့ ‘de minimis’ လို့ခေါ်တဲ့ အသေးအဖွဲ ကင်းလွတ်ခွင့်ကိုပါ ပိတ်သိမ်းလိုက်တဲ့ကိစ္စကြောင့် တင်ပို့သူတွေနဲ့ လက်လီရောင်းသူတွေအကြားမှာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။
ကင်းလွတ်ခွင့်ကို Shein၊ Temu နဲ့ Amazon တို့လို ecommerce လုပ်ငန်းတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရက ဒီအခွန်ကင်းလွတ်ခွင့်ဟာ ဖန်တာနဲလ်နဲ့ ဆက်စပ်ဓာတုပစ္စည်းတွေ အမေရိကန်ထဲ စစ်ဆေးမှုမရှိဘဲ ဝင်ရောက်လာတာကို ခွင့်ပြုသလို ဖြစ်နေတယ်လို့ ဝေဖန်ထားပါတယ်။
ရိုက်တာသတင်းဌာနရဲ့ ဖော်ထုတ်လေ့လာမှုအရလည်း မူးယစ်ကုန်ကူးသူတွေဟာ ဒီကင်းလွတ်ခွင့်ကို အသုံးချနေကြောင်း တွေ့ရှိထားပါတယ်။
အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ အရာရှိတယောက်က တရုတ်နဲ့ ဟောင်ကောင်က ပါဆယ်အားလုံးဟာ အကောက်ခွန်စာရွက်စာတမ်းတွေ ကြိုတင်တင်ပြဖို့လိုပြီး မတင်ပြနိုင်ရင် ပြန်ပို့ခံရနိုင်တယ်လို့ သတိပေးပါတယ်။
ဒါပေမဲ့ အမေရိကန်စာတိုက်ဝန်ဆောင်မှုကတော့ တရုတ်နဲ့ ဟောင်ကောင်က ပါဆယ်တွေကို ပြန်လည်လက်ခံပေးမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာထားပါတယ်။
ဒါပေမဲ့ ပါဆယ်ထုပ်ရာထောင်ချီကို တခုချင်းစီ စစ်ဆေးရမှာဖြစ်လို့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာနိုင်ပါတယ်။
တရုတ်နိုင်ငံကတော့ အမေရိကန်ရဲ့ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ ရေနံနဲ့ စိုက်ပျိုးရေးပစ္စည်းတွေအပေါ် တန်ပြန်အကောက်ခွန်တွေ ချမှတ်ခဲ့ပြီး Google ကုမ္ပဏီကိုလည်း လက်ဝါးကြီးအုပ်မှု စုံစမ်းစစ်ဆေးမှု စတင်လိုက်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဆွေးနွေးမှုတွေ မရှိသေးတဲ့အတွက် ဒီအရေးယူ ဆောင်ရွက်ချက်တွေဟာ နှစ်နိုင်ငံကုန်သွယ်ရေးကို ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
Source : Reuters