
ရုရှားနဲ့ ယူကရိန်းတို့ဟာ ဖေဖော်ဝါရီ ၅ ရက်မှာ အာရပ်စော်ဘွားများပြည်ထောင်စုက ဖျန်ဖြေပေးပြီးတဲ့နောက် တဖက်နဲ့တဖက် စစ်သုံ့ပန်း အယောက် ၁၅၀ ကို လဲလှယ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
လွတ်မြောက်လာသူ ရုရှားအားလုံးဟာ လက်ရှိမှာ ဘယ်လာရုစ်နိုင်ငံထဲမှာ ရှိနေကြပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ရထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းဟာ အမေရိကန်ဆီက စစ်ရေးအကူအညီတွေကို ဆက်ပြီးလက်ခံနေပေမဲ့ အစီအစဉ် အသစ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာမျိုးတော့ မရှိဘူးလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ဖေဖော်ဝါရီ ၅ ရက်မှာ ပြောပါတယ်။
အမေရိကန်အစိုးရဟာ လွန်ခဲ့တဲ့ ၃ နှစ်နီးပါး ရုရှားကျူးကျော်မှု စတင်ချိန်ကတည်းက ယူကရိန်း အစိုးရကို စစ်ရေးနဲ့ ငွေကြေးအကူအညီတွေ အကြီးမားဆုံး ပံ့ပိုးပေးသူ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အရင်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက်က ပေးထားတဲ့ အကူအညီပမာဏကို ပုံမှန်ဝေဖန်ခဲ့သူပါ။
အမေရိကန်ဟာ ယူကရိန်းဆီ လက်နက် တင်ပို့ရောင်းချမှုကို မကြာသေးမီက ခဏရပ်နားထားခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပြန်စခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အမေရိကန်အကူအညီမပါဘဲ ရုရှားကို ဆက်လက်ချေမှုန်းမယ့် ယူကရိန်းရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဇလန်းစကီးက သူ့နိုင်ငံဟာ ကာကွယ်ရေးကို ဆက်ထိန်းထားနိုင်မှု ရှိ၊ မရှိ မသေချာဘူးလို့ ပြောခဲ့ပါတယ်။
ဇလန်းစကီးဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီနဲ့ တွေ့အပြီး ကိယက်ဗ်မြို့တော်မှာ ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
Source : Reuters