
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုအပေါ် ချက်ချင်းတုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက ဝါရှင်တန်ကို သွင်းကုန်ခွန် ပြန်ကောက်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံဟာ အမေရိကန်ကနေ တင်ပို့လာတဲ့ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့အရည် စတဲ့ ထုတ်ကုန်တွေကို ၁၅ ရာခိုင်နှုန်း အခွန်တိုးကောက်သွားမှာ ဖြစ်ပါတယ်။
အဲဒီနောက် ရေနံစိမ်း အပါအဝင် စိုက်ပျိုးရေးသုံး စက်ယန္တရားတွေနဲ့ အကြီးစားအင်ဂျင်ပါကားတွေ အပေါ်မှာလည်း ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၄ ရက်မှာ အမေရိကန်နိုင်ငံရဲ့ တရုတ်ထုတ်ကုန်အားလုံးအပေါ် ၁၀ ရာခိုင်နှုန်း အကောက်ခွန်တပ်မှု စတင်အသက်ဝင်ပြီးနောက် ပေကျင်းဘက်က အရေးကြီးတဲ့ တွင်းထွက်ပစ္စည်း တင်ပို့မှုကိုပါ ကန့်သတ်ဖို့ ရှိနေပါတယ်။
ဒါပေမဲ့လည်း ဖေဖော်ဝါရီ ၁၀ ရက် မတိုင်ခင်အထိ တရုတ်အစိုးရဘက်က အခွန်တိုးကောက်မှုကို အကောင်အထည်ဖော်ဖို့ မရှိသေးတဲ့အလျောက် ထရမ့်ပ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းဖို့ အချိန်တော့ ကျန်ရှိနေပါသေးတယ်။
အဲဒီကြားကာလဟာ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံ ၂ ခုကြား ကုန်သွယ်ရေးစစ်ပွဲ မဖြစ်အောင် ရှောင်လွှဲနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။
အခုတပတ်ထဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထရမ့်ပ်တို့အကြား ဖုန်းဆက်သွယ်ပြောဆိုကာ ညှိနှိုင်းမှုပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော်အနေနဲ့ အတည်ပြုပါတယ်။
စီးပွားရေးပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ တရုတ်အခွန်တိုးကောက်မှုဟာ ဒေါ်လာ ၂၀ ဘီလီယံနီးပါး တန်ကြေးရှိတဲ့ အမေရိကန်ပို့ကုန်တွေအပေါ် သက်ရောက်မှာဖြစ်ပါတယ်။
တဖက်မှာ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုကတော့ တရုတ်ကုန်စည် ဒေါ်လာ ၄၅၀ ဘီလီယံဖိုး အထိကို အကျုံးဝင်မှာ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ တရုတ်နိုင်ငံအတွက် ပို့ကုန်-သွင်းကုန် ပမာဏဟာ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု GDP ရဲ့ ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာတော့ ၃၇ ရာခိုင်နှုန်းသာ ရှိတော့တဲ့အတွက် ပြည်ပအပေါ်မှီခိုမှု နည်းလာတယ်လို့ ဆိုရမှာပါ။
ကနေဒါနဲ့ မက္ကဆီကို နိုင်ငံခေါင်းဆောင်တွေကလည်း ထရမ့်ပ်နဲ့ အပေးအယူလုပ်၊ ဆွေးနွေးခဲ့ပြီးနောက် အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို ရက် ၃၀ ဆိုင်းငံ့ပေးမယ့် သဘောတူညီမှု ရခဲ့ပါတယ်။
တချိန်တည်းမှာ တရုတ်နိုင်ငံက ကမ္ဘာကြီးအပေါ် လွှမ်းမိုးမှုကို တိုးချဲ့လာနိုင်တဲ့အပြင် နိုင်ငံပေါင်း ၁၂၀ ကျော်ရဲ့ အဓိကကုန်သွယ်ဘက်အဖြစ်ပါ ရပ်တည်လျက်ရှိပါတယ်။
ဒါကြောင့် ထရမ့်ပ် အတွက် ပေကျင်းနဲ့ အပေးအယူလုပ်ဖို့က ပိုမိုခက်ခဲမှာ ဖြစ်သလို ညှိနှိုင်းမှု ရလဒ်ကိုလည်း စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
အခုလိုမျိုး ထရမ့်ပ်က မဟာမိတ်တွေကို အခွန်တိုးကောက်ရေး ခြိမ်းခြောက်မှုတွေနဲ့ ဝေးကွာအောင် လုပ်ဆောင်နေတာဟာ ပေကျင်းအတွက် ဒီ့ထက်အားကောင်းလာစေမယ့် အခွင့်အလမ်းပေးသလို ဖြစ်နေကြောင်း ရှုမြင်ထားကြပါတယ်။
Source : Reuters