Home
နိုင်ငံတကာ
မြောက်ကိုရီးယားတပ်များ ယူကရိန်းရှေ့တန်းမှ ပြန်ဆုတ်ဟု သတင်းထွက်
DVB
·
February 5, 2025
Photo : CCTV, CGTN

ယူကရိန်းနဲ့ ရှေ့တန်းစစ်မျက်နှာမှာ အသေအပျောက် များလာတာကြောင့် ရုရှားဘက်ကနေ ဝင်တိုက်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ပြန်ဆုတ်ခိုင်းထားတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ရုရှားစစ်တပ်နဲ့  အတူတိုက်ပွဲဝင်ဖို့အတွက် မြောက်ကိုရီးယားက စေလွှတ်ပေးထားတဲ့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ နီးပါးကို  မမြင်တွေ့ရတာ ရက်သတ္တပတ်နဲ့ချီအောင် ရှိနေပြီလို့လည်း ဆိုပါတယ်။

တောင်ကိုရီးယားရဲ့ အမျိုးသားထောက်လှမ်းရေးဌာန (NIS) ကတော့ “ဇန်နဝါရီလလယ်ပိုင်းမှစပြီး မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ရုရှားပိုင်နက် ကာ့စ်ခ်ဒေသထဲက စစ်ဆင်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတာဖြစ်ကြောင်း” မှတ်ချက်ပေးပါတယ်။

“ဒါဟာ ထိခိုက်သေဆုံးမှု များပြားတာကြောင့် ဖြစ်နိုင်ပေမဲ့လည်း အသေးစိတ်အခြေအနေကိုတော့  ဆက်လက်စောင့်ကြည့်နေဆဲဖြစ်တယ်” လို့ NIS စပိုင်အေဂျင်စီက ဖြည့်စွက်ပြောပါတယ်။

NIS ရဲ့ ခန့်မှန်းချက်အရ ဇန်နဝါရီလထဲမှာ မြောက်ကိုရီးယားတပ်သား ၃၀၀ လောက် သေဆုံးပြီးဖြစ်တဲ့အပြင် နောက်ထပ် ၂,၇၀၀ လောက်ပါ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းအရှေ့ပိုင်းမှာတော့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ သာလွန်အင်အားနဲ့အတူ လက်နက်ထောက်ပံ့မှုအရ ပြီးခဲ့တဲ့လပိုင်းအတွင်း တိုးချဲ့သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတနေရာမှာ ဒေါ်နယ်ထရမ့်ပ် ပြန်ရောက်လာပြီးနောက်ပိုင်း ဝါရှင်တန်ရဲ့  စစ်ရေးအကူအညီပေးမှု လျှော့ချလိုက်မှာကို ယူကရိန်းဘက်က စိုးရိမ်တကြီး စောင့်ကြည့်လျက် ရှိပါတယ်။

အဲဒီနောက် ဒေါ်လာ ၃၀၀ ဘီလီယံနီးပါး တန်ကြေးရှိတဲ့ လက်နက်အပါအဝင် အခြားထောက်ပံ့မှုတွေအတွက် ယူကရိန်းဆီက မြေရှားသတ္တုကို အလဲအလှယ်အဖြစ် ပြန်လိုချင်တယ်ဆိုပြီး ထရမ့်ပ်က တောင်းဆိုထားပါတယ်။

ထရမ့်ပ်ရဲ့ ပြောဆိုချက်ဟာ အမေရိကန်က ယူကရိန်းကို ခြွင်းချက်မရှိ ထောက်ပံ့တာမျိုး ထပ်လုပ်တော့မှာ မဟုတ်ကြောင်း ညွှန်းဆိုပြနေတယ်လို့ ကရင်မလင်နန်းတော်ရဲ့  ပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်သွားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013