
ယူကရိန်းတပ်တွေ သိမ်းပိုက်ထားတဲ့ ရုရှားနိုင်ငံ ကာ့စ်ဒေသ၊ ဆုဒ်ဂျာမြို့က အရပ်သားတွေခိုလှုံနေတဲ့ ဘော်ဒါဆောင်ကို ရုရှားကဗုံးကြဲတိုက်ခိုက်တယ်လို့ သမ္မတ ဗိုလိုဒီမာဇလန်းစကီးက စွပ်စွဲလိုက်ပါတယ်။
ရုရှားအာဏာပိုင်တွေကတော့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ ယူကရိန်းဘက်က လုပ်တာလို့ တန်ပြန်စွပ်စွဲခဲ့ပါတယ်။
ပဲ့ထိန်းဝေဟင်ဗုံးတခုကို ရည်ရွယ်ချက်ရှိရှိ ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးတယ်လို့လည်း ယူကရိန်းဘက်က ထုတ်ပြန်ပါတယ်။
ယူကရိန်းဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ရုရှားနယ်စပ်ကို ဖြတ်ကျော်ပြီး ကာ့စ်ဒေသကို တန်ပြန်ကျူးကျော်ခဲ့ပါတယ်။ ဒေသအချက်အချာမြို့ဖြစ်တဲ့ ဆုဒ်ဂျာမြို့အပါအဝင် ရွာ နဲ့မြို့ငယ်တွေကို သိမ်းပိုက်ခဲ့ပါတယ်။
တိုက်ပွဲတွေမဖြစ်ခင်က ဆုဒ်ဂျာမြို့မှာ လူ ၆၀၀၀ လောက် နေထိုင်ခဲ့ပါတယ်။
“အရပ်သား ဒါဇင်ချီ ရှိနေပေမဲ့ အဆောက်အအုံကို သူတို့ဖျက်ဆီးခဲ့ကြပါတယ်။ ရုရှားတွေဟာ ယူကရိန်းပြည်သူတွေရဲ့ နေအိမ်တွေကိုလည်းဗုံးကြဲခဲ့ပါတယ်။ အခုလည်း သူတို့ပြည်သူကိုတောင် သူတို့ ဗုံးကြဲပါတယ်။ ရုရှားစစ်တပ်က အလားတူနည်းဗျူဟာပဲ ကျင့်သုံးတာပါ” လို့ ဇလန်းစကီးက ဝေဖန်ခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားအာဏာပိုင်တွေကတော့ ဒုံးကျည်ဟာ ယူကရိန်းဘက်ကနေ လာတာဖြစ်တယ်လို့ တုံ့ပြန်ထားပြီး သေဆုံးသူ အရေအတွက် အတိအကျမသိရသေးဘူးလို့ ထုတ်ပြန်ပါတယ်။
Source: Reuters