
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဖောင်းပြင်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲလို့ ဒေသခံပြည်သူတွေ သေဆုံး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။
ဖောင်းပြင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “ဖောင်းပြင်မြို့နယ် မြောက်ဘက်ပိုင်းက ချင်းတွင်းမြစ်ရိုးမှာရှိတဲ့ ကျွန်းကုန်းရွာနဲ့ စက်တောရွာဆိုတဲ့ ရွှေလုပ်သားတွေ နေထိုင်လုပ်ကိုင်ကြတဲ့ ရွှေမျောရွာ ၂ ရွာကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲသွားခဲ့တာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အဆိုပါကျေးရွာတွေကို MI 2 အမျိုးအစား တိုက်လေယာဥ်နဲ့ ဗုံးကြဲချသွားတဲ့အတွက် ရွှေမျောလုပ်ကိုင်နေကြတဲ့ အသက် ၂၈ နှစ်အရွယ် ကိုထွန်းနိုင်ဝင်း သေဆုံးကာ နောက်ထပ် အမျိုးသား ၃ ယောက်ကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဆိုပါတယ်။
ဖောင်းပြင်မြို့နယ် PDF တာဝန်ခံက “အဲဒီရွာတွေဘက်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အဖြတ်ခံထားရတာ ကြာပြီ။ အခုတလော မြေပြင်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်တာမရှိဘဲနဲ့ သာမန် လက်လုပ်လက်စားပြည်သူတွေ လုပ်ကိုင်နေထိုင်နေတဲ့ နေရာတွေကို ဗုံးကြဲသွားတာပါ။ ဆုံးသွားသူနဲ့ ဒဏ်ရာရသူတွေက သာမန် အရပ်သားတွေပါဗျ” လို့ DVB ကို ပြောပါတယ်။
ဖောင်းပြင်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၂ ခုနဲ့ ရွာ ၁ ရွာမှာသာ စစ်ကောင်စီ တပ်စခန်းတွေ ကျန်ရှိနေပြီး ဖောင်းပြင်မြို့နယ်ထဲက တခြားနယ်မြေတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။
ဖောင်းပြင်မြို့နယ်အတွင်း မြေပြင်အကျအဆုံး များပြားနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ကူပေးတာတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် ချင်းတွင်းမြစ်ရိုးတလျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဖောင်းပြင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
Photo : ဖောင်းပြင် PDF