
မကွေးတိုင်းမှာ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ အယောင်ဆောင်ကာ ပြည်သူတွေဆီကနေ ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ သိရပါတယ်။
နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ ကိုအဆိပ်သီးက “ဒီဘက်က နယ်တွေဘက်မှာလည်း အရင်လတွေထဲမှာ စစ်တပ်ဘက်ကနေ တော်လှန်ရေးတပ်ဖွဲ့ အယောင်ဆောင်ပြီးတော့ လုပ်ငန်းရှင်တွေဆီကို ခြိမ်းခြောက်ငွေတောင်းတာတွေ ဆက်တိုက်ဖြစ်ခဲ့ဖူးတယ်။ တောင်းပုံတောင်းနည်းကတော့ အမျိုးမျိုးပဲဗျ။ ဖုန်းဆက်ပြီး တောင်းတာရှိတယ်၊ မက်ဆေ့ချ်ပို့ပြီး တောင်းတာရှိတယ်၊ စာပို့ပြီး တောင်းတာတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။
မကွေးတိုင်းအတွင်းက မကွေး၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းမြို့နယ်တွေအပြင် မင်းဘူး(စကု)မြို့နယ်တွေက လုပ်ငန်းရှင်တွေဆီကိုလည်း စစ်ကောင်စီတပ်ဘက်ကနေ တော်လှန်ရေးတပ်ဖွဲ့ အယောင်ဆောင်ပြီး ငွေကြေးတောင်းခံတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မင်းဘူး(စကု)မြို့နယ် ပကဖ တာဝန်ခံ ကိုပိန်က “အခုရက်ပိုင်းမှာ စစ်တပ်ဘက်က မင်းဘူး(စကု)မြို့နယ် ပကဖ လိုဂိုကို အသုံးပြုပြီးတော့ ပြည်သူလူထုကို ခြိမ်းခြောက် အကျပ်ကိုင်တဲ့ အကြောင်းကြားစာတွေ ပျံ့နှံ့နေတယ်။ အဲဒီအကြောင်းကြားစာတွေက မင်းဘူး(စကု)မြို့နယ် ပကဖရဲ့စာတွေ မဟုတ်ပါဘူး” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ဘက်ကနေ ပြည်သူတွေ အထင်အမြင်လွဲမှားအောင်နဲ့ တော်လှန်ရေးပုံရိပ် ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးနေတာတွေရှိနေလို့ ပြည်သူတွေအနေနဲ့ အသေအချာ စိစစ် အတည်ပြုကြဖို့ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပါတယ်။