Home
မြန်မာသတင်း
အင်းတော်တွင် တကျော့ပြန်တိုက်ပွဲဖြစ်၊ စစ်တပ်က လေကြောင်း ဗုံးကြဲသဖြင့် ဒေသခံအချို့ ပိတ်မိ
DVB
·
January 28, 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ထဲက အင်းတော်မြို့မှာ ဇန်နဝါရီ ၂၇ ရက်မနက်ပိုင်းကစလို့ တကျော့ပြန်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက “အင်းတော်ဘက်မှာကတော့ ဒီမနက်ပိုင်း လေကြောင်းနဲ့ဗုံးကြဲတဲ့ သတင်းတွေ ထွက်တယ်” လို့ ပြောပေမဲ့ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဇန်နဝါရီ ၂၇ ရက်မှာ DVB ကို ပြောပါတယ်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်ကတော့ စစ်ကောင်စီတပ်စွဲထားတဲ့ ဂျပန်ဆေးရုံဟောင်းနေရာနဲ့ မြို့မဘုန်းကြီးကျောင်း ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

အင်းတော်ဒေသခံတယောက်က “ကျနော်တို့ အင်းတော်မှာတော့ မနေ့ မနက် ၅ နာရီလောက်ကစပြီးတော့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာပေါ့နော်။ အဓိကတော့ အင်းတော်မြို့မှာရှိတဲ့ နောက်ဆုံးလက်ကျန်ပေါ့နော် အင်းတော် စစ်တပ်ကုန်းရယ်၊ အင်းတော်စစ်တပ်ကုန်းရဲ့ ဧရိယာထဲမှာပါတဲ့ ဒီ မြို့မဘုန်းကြီးကျောင်းတို့ အဲနားမှာရှိတဲ့ သူတို့ရဲ့ ရှေ့ကာကင်းစခန်းလေးတွေပေါ့နော်။ အဲဘက်တွေကို ပြန်ပြီး ထိုးစစ်ဆင်နေတာပေါ့” လို့ ပြောပါတယ်။

စစ်တပ်ကုန်းဆိုတာက အင်းတော်နဲ့ နဘားအကြား မြို့အထွက်က တောင်ကြောပေါ်မှာရှိတဲ့ ဂျပန်ဆေးရုံဟောင်းနေရာဖြစ်ပြီး စစ်ရှောင်တွေခိုလှုံနေတဲ့ မြို့မဘုန်းကြီးကျောင်းကတော့ အဲဒီတောင်ကြောနဲ့ တဆက်တည်းမှာရှိနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေစဖြစ်တုန်းက အဲဒီအင်းတော်မြို့မကျောင်းမှာ လူထောင်နဲ့ချီပိတ်မိခဲ့ပေမဲ့ အခုချိန်မှာတော့ Non-CDM ဝန်ထမ်းတွေနဲ့ အနီးဝန်းကျင်ကဒေသခံတချို့ပဲ ကျန်တော့မယ်လို့  မြို့ခံအမျိုးသမီးတယောက်က ပြောပါတယ်။

“ကျမတို့က ၈ လပိုင်း ၁၆ ရက်နေ့ကတည်းက ထွက်ခဲ့တာရှင့်။ စဖြစ်တုန်းက အဲဒီ မြစ်ကြီးနားအထွက်ရော၊ မန္တလေးအထွက်ရောကနေ တိုက်တာဆိုတော့ သူတို့ကဝန်ထမ်းတွေရော အဲနားလေးကအိမ်တွေကရော ထွက်ပေါက်ကိုမသွားရဲတက်တော့ အဲဒီဘုန်းကြီးကျောင်းပေါ် တက်ပြေးတာနဲ့တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ဖို့က မလွယ်လောက်ဘူး ထင်ထားပါတယ်” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူအများစုကတော့ အင်းတော်မြို့အနီးဝန်းကျင်က ရွာတွေနဲ့ မဲဇာ၊ မော်လူးဘက်တွေကို တိမ်းရှောင်နေကြပြီး တချို့လည်း အခင်းတွေမှာဖြစ်သလို တဲထိုးနေကြရကြောင်း သူကဆက်ပြောပါတယ်။

အင်းတော်မြို့နယ်မှာ ဩဂုတ် ၁၅ ရက်လောက်က တိုက်ပွဲစဖြစ်ခဲ့ပြီး အင်းတော်-မော်လူး-ကသာ လမ်းဆုံမှာရှိတဲ့ နဘားကျေးရွာကို ထိန်းချုပ်လိုက်ပေမဲ့ မြို့ကိုတော့ ၅ လကြာတဲ့အထိ မသိမ်းပိုက် နိုင်သေးတာ ဖြစ်ပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို NUG လက်အောက်ခံ PDF တွေ၊ ကျောင်းသားတပ်မတော် (ABSDF) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် ဒေသအခြေစိုက်ကာကွယ်ရေးတပ်တွေ ပူးပေါင်းဆင်နွှဲနေတာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013