ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး အရပ်သားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေလို့ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၅ ရက်လောက်က စတင်ပြီး ညောင်တုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအနီးနဲ့ စက္ကော့ကျေးရွာက ဘုန်းကြီးကျောင်းမှာ တပ်အင်အား ၅၀ လောက်နဲ့ တပ်စွဲထားတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “AA နဲ့ PDF တွေ ဧရာဝတီတိုင်းထဲ ရောက်နေပြီ ဆိုတဲ့ သတင်းထွက်ပြီးနောက် ဘုန်းကြီးကျောင်းမှာပါ တပ်လာစွဲတာ တွေ့ရတာ။ ရွာထဲတွေမှာ တင်းတင်းကျပ်ကျပ် ရှာဖွေဖမ်းဆီးနေတာတွေပါ ရှိနေတယ်။ ဘယ်မှ မထွက်ရဲသလောက်ပဲ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၁ ရက်ကနေ ၂၅ ရက်အထိ စစ်ကောင်စီတပ်က တပ်စွဲစစ်ဆေးပြီး မသင်္ကာလို့ဆိုကာ ဒေသခံ အရပ်သားလူငယ် ၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
နောက်ထပ် ဒေသခံတယောက်က “PDF အဖွဲ့ကဆိုပြီး အရပ်သားတွေကိုပါ ဖမ်းထားတယ်။ တပ်စွဲထားတဲ့ တပ်ကနေ ဖမ်းတာ။ အဖမ်းခံရတဲ့ လူငယ်တွေက အရပ်သားတွေပါ။ ရန်ကုန်ကနေ အလုပ်နားပြီး ပြန်လာတဲ့ မိုးဇော်ဆိုတဲ့ ကောင်လေးအပါအဝင် ၆ ယောက်ကို PDF တွေဆိုပြီး ဖမ်းတာ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က စစ်မှုထမ်းထဲထည့်ဖို့ လုပ်နေတယ်လို့ သတင်းတွေထွက်နေတာကြောင့် မိသားစုတွေက စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း-ဂွ လမ်းခွဲမှာ စစ်ကောင်စီတပ်က ဇန်နဝါရီ ဒုတိယအပတ်က စတင်ပြီး လက်နက်ကြီးတွေပါ အထိုင်ချ တပ်စွဲနေပြီး လက်နက်တွေနဲ့ သွားလာနေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်ပြီး အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။