စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူအများစု စိုးရိမ်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၆ ရက်ကစပြီး မုံရွာမြို့ပေါ်က လူစည်ကားတဲ့ လမ်းဆုံတွေ၊ ဈေးတွေနဲ့ ကမ်းနားလမ်းတလျှောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ နေရာတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
မုံရွာမြို့၊ အောင်ဇေယျရပ်ကွက်၊ နန္ဒဝန်ရပ်ကွက်၊ အလုံရပ်ကွက်၊ စက်မှုဇုန်၊ ဆည်မြောင်းလမ်းဆုံ စတဲ့နေရာတွေမှာ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၂၆ နဲ့ ၂၇ ရက်အတွင်း အမျိုးသား ၁၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ ကနေ ၄၀ ဝန်းကျင်အရွယ် အမျိုးသားတွေဖြစ်ပြီး သူတို့ကို ဘယ်ကို ခေါ်ဆောင်သွားသလဲဆိုတာ မသိရဘူးလို့ မြို့ခံတွေက ပြောပါတယ်။
မုံရွာမြို့ခံတယောက်က “ချင်းတွင်းရတနာဈေးကတော့ ဖွင့်တဲ့ဆိုင် ဖွင့်တယ်၊ လာကြပြီး ဖွင့်ဖို့လုပ်ပြီးမှ ပြန်ကုန်ကြတာလည်း ရှိတယ်၊ နယ်ဘက်က မလာကြတော့ ဈေးထဲ လူမရှိသလောက်ပါပဲ၊ ဇက်ဆိပ်နဲ့ ကမ်းနားလမ်းဘက်တော့ အလုပ်လာတဲ့ အလုပ်သမားလေးတွေ ပါသွားတယ်။ ၁၀ ယောက်လောက် ရှိမှာပေါ့၊ တခြားဖက်တွေလည်း ပါသွားတာတော့ ရှိပါတယ်။ သူတို့က ကားနဲ့ ပတ်ဆွဲသွားတာဆိုတော့ ဘယ်နှယောက် အတိအကျမသိဘူး” လို့ ပြောပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ များနေတဲ့အတွက် အနီးဝန်းကျင် ဆားလင်းကြီး၊ ချောင်းဦး စတဲ့ မြို့တွေက ပြည်သူတွေ မုံရွာမြို့ပေါ်ကို ဈေးဝယ်သွားဖို့ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ စစ်ကောင်စီက အသက်သွင်းခဲ့ပြီး စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်လာတဲ့ သင်တန်းအပတ်စဉ် ၉ အထိ ရောက်ရှိလာပြီဖြစ်ပါတယ်။