ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေ တပ်ရင်း ၆ ဘက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဖားကန့်ဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ ဇန်နဝါရီလအတွင်းမှာ ၄ ကြိမ် အထိရှိနေပြီး လူထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တာပါ။
“ဖားကန့်ဘက်မှာ တိုက်ပွဲလည်း မရှိဘူး။ KIA တပ်မဟာ ၉ နယ်မြေ တပ်ရင်း ၆ ဘက်လို့ ပြောရမှာပေါ့။ အတိအကျတော့ သိရဖို့ စုံစမ်းနေတယ်။ မနေ့က ညနေ ၄ နာရီ ၅၅ လောက်က လေကြောင်းတိုက်ခိုက်မှု လုပ်သွားတယ်။ စကစ အခု ဖားကန့်ဒေသကို ဒီလထဲမှာ ၄ ကြိမ်ရှိပြီ လေကြောင်းတိုက်ခိုက်တာ။”
မံစီသိမ်းတဲ့ ဇန်နဝါရီ ၈ ရက်ကလည်း တပ်ရင်း ၆ ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူတယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဇန်နဝါရီ ၉ ရက်နေ့မှာလည်း တပ်မဟာ ၉ ဘက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့မှာလည်း ဆန်ခါကျေးရွာ လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁၀ ယောက်ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။
ဗန်းမော်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ကတော့ ကချင်ပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။