ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တိုက်ပွဲကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်သား ၁၇ ယောက်ကို အမ်း-ပဒါန်းလမ်းမှာ ထပ်မံဖမ်းမိတယ်လို့ ချင်းလက်နက်ကိုင်တပ်ဖွဲ့ (CDF-ASHO) က ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်သားတွေကို အမ်း-ပဒါန်းလမ်းပိုင်းမှာ ပိတ်ဆို့တိုက်ခိုက်နေတဲ့ CDF-ASHO တပ်ဖွဲ့ဝင်တွေက အခု ဇန်နဝါရီ ၁၇ ရက်ကနေ ၂၅ ရက်အထိ ၉ ရက်တာကာလအတွင်း ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
CDF-ASHO ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းရိုးချင်းက “၁၇ ယောက်လုံးကို တချိန်တည်းမှာမိတာ မဟုတ်ပါဘူး။ ရက်အသီးသီးမှာ ၁ ယောက်မိ၊ ၅ ယောက်တဖွဲ့၊ ၄ ယောက်တဖွဲ့ မိတာမျိုးပါ။ ဒီတခါတော့ တိုက်ပွဲဖြစ်တာ၊ ပြန်လည်ပစ်ခတ်တာမျိုး မရှိပါဘူး” လို့ ပြောပါတယ်။
အခုဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ လက်နက်တွေပါလာတဲ့ စစ်သားတွေရှိသလို တချို့စစ်သားတွေကတော့ လက်နက်တွေစွန့်ပစ်ပြီး ထွက်ပြေးလာသူတွေရှိတယ်လို့ သိရပါတယ်။
အခုလ ၁၇ ရက်ကနေ ၂၅ ရက်အထိ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထံကနေ MA 1 ၅ လက်၊ MA 2 ၁ လက်၊ MA 4 ၁ လက်၊ MA 15 ၁ လက်အပြင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိတာပါ။
ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ တို့ကလည်း အမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်သား ၁၂ ယောက် ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ဒါကြောင့် ၂၀၂၄ ခုနှစ်ကနေ ဒီနေ့အထိ စစ်သုံ့ပန်း ၁၅၀ ကျော်အထိ ဖမ်းမိထားတယ်လို့ CDF-ASHO ထံက သိရပါတယ်။