Home
မြန်မာသတင်း
ရေစကြိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးကျည်ကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရ
DVB
·
January 28, 2025
Photo : ရေစကြိုသတင်းအချက်အလက်ကော်မတီ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၆ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို လူနေအိမ်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ရေစကြို သတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက “ရေစကြိုမြို့ပေါ်က စစ်သားတွေ ၁၂၀ မမ လက်နက်ကြီးကျည် ၃ လုံး ပစ်လိုက်တာပါ။ ရေစကြိုမြို့နဲ့ ၄ မိုင်လောက်ပဲ ဝေးတဲ့ ရေလယ်ကျွန်းဒေသက ဆင်ခြေယာရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါဗျ” လို့ ပြောပါတယ်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆင်ခြေယာကျေးရွာက အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၂ ယောက်တို့ ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေစကြိုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “ရွာထဲကို ၃ လုံးကျတာ။ ၂ လုံးကွဲတယ်။ နောက် ၁ လုံးက အဲဒီအိမ်ဘေးနားက ရေကန်ထဲ ကျတယ်၊ မကွဲသေးဘူး။ ရွာထဲကလူတွေ အများစုကတော့ ဘုန်းကြီးကျောင်းနဲ့ တခြားနေရာတွေမှာ ခဏရှောင်နေကြတယ်။ ဒဏ်ရာအပြင်းအထန်ရတဲ့သူကတော့ မအိကေကျော်တဲ့။ နေရာမှာတင် ပေါင်ပြတ်သွားလို့ အရေးပေါ် ဆေးရုံပို့လိုက်ရတယ်။ သူ့အမျိုးသားကတော့ ရပ်ကျေးပကဖထဲက ရဲဘော်တယောက်ပါ။ နောက်ပြီး သူတို့မှာ နို့မပြတ်သေးတဲ့ ကလေးငယ်လေးတယောက် ရှိသေးတယ်။ အဲဒီကလေးတော့ ဘာမှမဖြစ်ဘူးလို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

ဒဏ်ရာရတဲ့သူတွေဟာ ပေါင်တဖက်ပြတ်သွားတဲ့ အသက် ၂၀ အရွယ် မအိကေကျော်၊ အသက် ၆၀ အရွယ်တွေဖြစ်ကြတဲ့ ဦးတိုးဝင်း၊ ဒေါ်ကြည်မာ၊ ဒေါ်မြင့်ရီ၊ အသက် ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်ကြတဲ့ ကိုအောင်ကိုနဲ့ မကွေးကွေးတို့ ဖြစ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါကျေးရွာအတွင်းကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာဟာ ပထမဆုံးအကြိမ် ဖြစ်ပေမဲ့ ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေဘက်ကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ အလျင်အမြန် တူးထားကြဖို့လည်း တိုက်တွန်းထားတယ်လို့ ရပ်ကျေး ပကဖတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်ည သန်းခေါင်ယံအချိန်ကလည်း ရေလယ်ကျွန်းဒေသက သာဂေါင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ အမျိုးသား ၂ ယောက် သေဆုံးခဲ့သလို ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြကာ လူနေအိမ်တွေ ပျက်စီးသွားခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တချို့လည်း ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024