မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဘီးလင်းမြို့နယ် မဲပလီကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ ဝေဟင်ကနေ ဒရုန်းနဲ့ လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဇန်နဝါရီ ပထမပတ်ကစပြီး ဒေသခံ ၃၀၀၀ ကျော်ဟာ ဇန်နဝါရီ ၂၈ ရက်အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီရဲ့ ခမရ ၄၀၅ ကနေ အစူးချောင်းကျေးရွာအုပ်စုနဲ့၊ မဲပလီကျေးရွာအုပ်စု၊ ပီတီကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေကို နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ လေကြောင်းကပါ ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “ရွာသားတွေအနေနဲ့ တိုက်ပွဲဖြစ်လာပြီဟေ့ဆိုရင် လက်နက်ကြီးသံကြားတာနဲ့ တအားကြောက်ကြတယ်။ အဲဒီအကြောက်တရားတွေသိလို့ ရွာသားတွေကြောက်အောင် လက်နက်ကြီးနဲ့ တမင်တကာ ရွာထဲကို ပစ်ထည့်တယ်။ နောက်ပြီးတော့ လေယာဉ်အပေါ်ကနေ ဗုံးကြဲတယ်။ ဘာမှ မသိသေးတဲ့ ကလေးတွေကအစ လေယာဉ်လာပြီးဟေ့ဆိုရင် ဗုံးကျင်းထဲကို ခုန်ဆင်းပြီးပြေးကြတယ်။ အဲလောက်ထိ ဘာမှ မသိတဲ့ လူမမယ်ကအစ စိုးရိမ်ကြောက်လန့်တယ်”လို့ ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ လုပ်ငန်းခွင်တွေကို စွန့်ခွာခဲ့ရတာ၊ နေအိမ်စွန့်ခွာပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရပါတယ်။
၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး တပ်မဟာ ၁ နယ်မြေတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ လက်နက်ကြီးတွေ အသုံးပြုတာများတယ်လို့ သထုံခရိုင်(အတွင်းရေးမှူး) ပဒိုစောအေးနိုင်က ပြောပါတယ်။
KNU သထုံခရိုင်၊ တပ်မဟာ ၁ အတွင်းရေးမှူး ပဒိုစောအေးနိုင်က “၂၀၂၅ မှာ စစ်ကောင်စီက လေယာဉ်နဲ့ လက်နက်ကြီးတွေ အသုံးပြုတာများတယ်။ စူးချောင်းကျေးရွာအုပ်စုမကဘဲ တခြားကျေးရွာ အုပ်စုတွေမှာလည်း လေယာဉ်တွေကို စိုးရိမ်ကြောက်ရွံ့တာတွေရှိတယ်။ လေယာဉ်တွေလာတာနဲ့ သူတို့ထွက်ပြေးတိမ်းရှောင်တယ်”လို့ ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေလိုအပ်တဲ့ စားရိက္ခာတွေကို တပ်မဟာ (၁) တာဝန်ရှိသူတွေနဲ့ စစ်ရှောင် အရေးကူညီပေးနေသူတွေက ကူညီထောက်ပံ့ပေးနေပေမဲ့ အခက်အခဲတွေက ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီလအတွင်း ဘီးလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရထားတယ်လို့ သိရပါတယ်။
အောင်ခန့်