Home
မြန်မာသတင်း
စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေ
DVB
·
January 30, 2025

မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခံရတာတွေကြောင့် ရှေ့ဆက်တိုးဖို့ အခက်တွေ့နေတဲ့ စစ်ကောင်စီတပ်ဟာ ကျွန်းစုမြို့နယ်ဘက်ကတဆင့် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။

အခု ဇန်နဝါရီ ၂၇ ရက်လောက်မှာ စပြီးတော့ စစ်ကောင်စီတပ်သားတွေဟာ တနင်္သာရီမြို့နယ်နဲ့ နီးစပ်နေတဲ့ ကျေးရွာတွေဘက်မှာ စစ်ကြောင်းထိုးဖို့ လုပ်ဆောင်နေတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူတို့ လယ်သစ်ဘက်ကို စစ်ကြောင်းထိုးမယ့်သဘော ရှိတယ်။ အခုဆို သူတို့ သတ်မှတ်တဲ့နေရာ ရောက်နေပြီ။ အခုနေရာချထားတဲ့ ပုံစံအရဆိုရင် စစ်ကြောင်းထိုးမယ့်ပုံစံ ရှိတယ်။ မိုင်းမကြာခဏဆွဲခံနေရတော့ ဒီဘက်ကျွန်းနေရာအနှံ့ ဖြန့်လို့မရတော့ ဒီဘက်ခြမ်း တော်လှန်ရေးရဲဘော်တွေကို ခြိမ်းခြောက်ချင်တဲ့သဘောရှိတယ်။”

စစ်ကောင်စီဟာ ကျွန်းစုမြို့နယ်၊ ကဝါရစ်ရွာပြင်ဝန်းရွာနဲ့ မြိတ်မြို့နယ်ထဲက သက္ကယ်ကျင်းနဲ့ မွှေ့ရှောင်ကျေးရွာတွေမှာ တရွာကို အင်အား ၃၀ ကနေ ၅၀ ကြား ဖြန့်ကြက်ထားတာလို့ သိရပါတယ်။

အဆိုပါ တပ်အင်အား ဖြန့်ကြက်ထားပြီးတော့ စစ်ကောင်စီဟာ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ သိရပြီး ထိတွေ့တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

ပြင်ဝန်းကျေးရွာဘက်ကို ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အခု ဇန်နဝါရီ ၂၇ ရက်မှာ ရွာထဲဝင်လာပြီး နေအိမ်တံခါးတွေ ကန်ဖွင့်ကာ စိတ်ကျန်းမာရေးမကောင်းတဲ့ မောင်နိုင်ဆိုသူ အမျိုးသားတယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကြောင်းဝင်တဲ့ရွာတွေမှာ အရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံရတယ်လို့ သိရပြီး အသေးစိတ် အချက်အလက်တွေကိုတော့ DVB က အတည်ပြု စုံစမ်းနေပါတယ်။

အခု ဇန်နဝါရီ ၂၂ ရက်က မောတောင်ဘက်ကို လက်နက် ခဲယမ်း ပို့ဆောင်ဖို့ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း တနင်္သာရီကားလမ်းပိုင်းမှာ မိုင်းဆွဲခံရပြီး ယာဉ်ပေါ်ပါလာတဲ့ လက်နက် ခဲယမ်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024