Home
မြန်မာသတင်း
ပေါက်မြို့နယ် သရက်ကန်ရွာကို စစ်တပ်က ဗုံးကြဲသဖြင့် ကိုယ်ဝန်ဆောင်အပါအဝင် ၃ ဦး သေဆုံး
DVB
·
February 2, 2025
Photo: Successful Force – Pauk

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဒေသခံ ၃ ယောက်သေဆုံးပြီး ၅ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်မှာ ပေါက်မြို့နယ်မြောက်ပိုင်း မြိုင်မြို့နယ်အစပ်မှာရှိတဲ့ သရက်ကန်ရွာကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာပါ။

ဒေသခံတယောက်က “ဘာတိုက်ပွဲမှ မဖြစ်ဘူးရယ်။ သူတို့ပစ်ခတ်ချင်လို့ကို ပစ်တာဗျ။ ဗုံးက ၂ လုံးကြဲတာဗျ။ အဲလိုကြဲလို့ ကိုယ်ဝန် ၃ လအရွယ် အမျိုးသမီးတဦး အပါအဝင် အမျိုးသား ၂ ဦး သေဆုံးတယ်။ သရက်ကန်ရွာက ကိုဇော်လင်းစိုးနဲ့ သူ့ရဲ့ဇနီး ဖြစ်တယ်ဗျ။ သေဆုံးသူ အမျိုးသားတဦးကတော့ ပခုက္ကူမြို့နယ်၊ သံဘိုရွာကနေ သရက်ကန်ရွာမှာ  လက်သမားအလုပ် လာလုပ်နေတဲ့ ကိုဝက်ကြီး ဆိုသူ ဖြစ်တယ်ဗျ။ ဗုံးက ကိုဇော်လင်းစိုးတို့ အိမ်ပေါ်ကို တည့်တည့်ကျတာဗျ။ အဲဒီလိုကျလို့ အလောင်းတွေကိုလည်း တစစီလိုက်ကောက်ခဲ့ရတယ်” လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေ ပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။

မိတ္တီလာရှမ်းတဲလေတပ်ကတက်လာတဲ့ တိုက်လေယာဉ်က လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အိမ် ၈ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

Successful Force - Pauk ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ဗုံးတည့်တည့်ကျတဲ့ လင်မယားအိမ်ကတော့ လုံးဝပျက်စီးသွားပြီးတော့ သူတို့လင်မယားရဲ့ ခန္ဓာကိုယ်တွေကတော့ တစစီပဲဗျာ။ လိုက်ကောက်ခဲ့ရတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ရွာသားတွေဟာ ရွာပြင်မှာ တိမ်းရှောင်နေထိုင်ကြပြီး စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို လေကြောင်းကနေ မကြာခဏ တိုက်ခိုက်နေတဲ့အတွက် ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ပေါက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုစစ်မုန်း က “အခုထိတော့ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေကြပါတယ်။ ဒဏ်ရာရသူ ၃ ယောက်ကတော့ အတော်လေးဆိုးတယ်။ သူတို့ ၃ ယောက်ထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေ ပါတယ်ဗျ။ ကျနော် ပြောချင်တာက အခု ဗုံးကြဲခံရတဲ့ရွာဘက်မှာ ထိတွေ့တိုက်ပွဲတွေ မရှိဘူး။ သူတို့ စစ်ကြောင်းတွေဝင်တာလည်း မရှိဘူးဗျ။ စစ်ရေးကိစ္စ အကြောင်းမရှိဘဲ သက်သက်မဲ့ကို ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးချင်လို့၊ ပြည်သူကို ဒုက္ခရောက်စေချင်လို့ လုပ်တယ်လို့ပဲ မြင်တယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းကလည်း ပေါက်မြို့နယ်ထဲက သရက်လေးပင်ကျေးရွာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြပြီး လူနေအိမ်တွေလည်း ပျက်စီး၊ နွား ၆ ကောင်လည်းသေဆုံးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013