Home
မြန်မာသတင်း
ဘုတလင်တွင် စစ်တပ်ဒရုန်းကြောင့် ဘုန်းကြီး ၁ ပါးပျံတော်မူ၊ ပွင့်ဖြူတွင် ရွာလုံးကျွတ်မီးရှို့ခံရ
DVB
·
February 2, 2025

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ တောရဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တော့ စစ်ကောင်စီတပ်က ရွာတရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ညနေ ၅ နာရီလောက်က ဘုတလင်မြို့နယ်၊ လွဲတဲကျေးရွာနားက စိမ့်တောတောရ ဘုန်းကြီးကျောင်းအတွင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချလို့ တောရသီတင်းဆောက်တည်နေတဲ့ ဘုန်းတော်ကြီး ၁ ပါး ပျံလွန်တော်မူတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “စိမ့်တော တောရကျောင်းက ကျနော်တို့ လွဲတဲရွာရဲ့ အနောက်ဘက်၊ ဘုတလင်မြို့ရဲ့ အနောက်ဘက်မှာရှိတာဗျ။ လာကြဲတဲ့ ဒရုန်းက ဘုတလင်မြို့အတွင်းကနေ တက်လာပြီး ၂ ခေါက်လာပြီး ဗုံးသီးချတာဗျ။ ပထမတခေါက်ကတော့ ဘုန်းကြီးကို မထိဘူး။ နောက် ဒုတိယအကြိမ်လာချမှ ဘုန်းကြီးကို ထိမှန်တာပါဗျ” လို့ ပြောပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဘုန်းတော်ကြီးဟာ သက်တော် ၅၀ လောက်ရှိတယ်လို့ သိရပြီး ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်ကတော့ တိုက်ပွဲမရှိဘဲ ဗုံးကြဲတာဖြစ်ပြီး ဘုတလင်မြို့ကို ကာကွယ်ရေးတပ်တွေ ချဉ်းကပ်တယ်ဆိုတဲ့ ထင်ကြေးနဲ့ အခုလို တိုက်ခိုက်တာဖြစ်မယ် ထင်ကြောင်း ပြောပါတယ်။

လက်ရှိမှာ ဘုတလင်မြို့အနီးကို စစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားသလို မြို့နားက ကျေးရွာတွေကို အလစ်အငိုက်ဝင်ရောက်ပြီး အရပ်သားတွေကို ဖမ်းဆီးတာတွေလည်း နေ့စဉ် လုပ်နေတယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က မဒဲကျေးရွာကို ဝင်ရောက်ပြီး လူနေအိမ်တွေကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားကြတယ်လို့ သိရပါတယ်။

မင်းဘူးခရိုင်၊ အမှတ် ၇ တပ်ရင်းရဲ့ ဒု တပ်ရင်းမှူး ကိုဆံရှည် က “တိုက်ပွဲတွေကတော့ နေ့တိုင်းလောက်နီးပါး ဖြစ်နေတယ်ဗျ။ ပွင့်ဖြူမြို့နယ်တင်မကဘူး။ ပွင့်ဖြူမြို့နယ်နဲ့ နယ်မြေချင်းထိနေတဲ့ ငဖဲနဲ့ စလင်းမြို့နယ်အစပ်တွေမှာလည်း အခုရက်ပိုင်းတိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်နေတယ်။ သူတို့ဘက်ကလည်း ဒီဘက်ကကျေးရွာတွေကို စစ်ကြောင်းထိုးနေတာတွေ ရှိတယ်။ မဒဲရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စကစစစ်ကြောင်းနဲ့ အဲဒီ မဒဲရွာနဲ့ အင်းကုန်းရွာကြားမှာ တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က အထိနာပြီးတော့ မဒဲရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးသွားကြတာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးသွားကြတဲ့ ပွင့်ဖြူမြို့နယ် အနောက်ခြမ်းက မဒဲကျေးရွာဟာ အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲတွေကတော့ ပြင်းထန်တယ်။ သက်ဆိုင်တဲ့ PDF တပ်ဖွဲ့တွေဘက်ကလည်း သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။ တိုက်ပွဲတွေထဲမှာလည်း သူတို့ဘက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်ပေးနေပေမယ့် သူတို့ဘက်က အထိနာတယ်။ သူတို့စစ်တပ်က စစ်ရှုံးလို့ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်တယ်ဆိုတာကတော့ စစ်တပ်ရဲ့သန္ဓေ ဖြစ်တယ်ဗျ။ မဒဲရွာက မီးလောင်ပျက်စီးတဲ့ အိမ်ခြေကတော့ ရွာလုံးကျွတ်နီးပါးပဲ။ ကျန်ရင်တောင် အနည်းငယ်လောက်ပဲ ကျန်မယ်ဗျ” လို့ DVB ကိုပြောပါတယ်။

မဒဲကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီခန့် ဒေါ်ဝင်းဝင်းအေး ဆိုသူဖြစ်ပြီး စစ်မှုထမ်းကြေးငွေ ကောက်ခံရာမှာ နာမည်ကြီးနေသလို ပြီးတဲ့နှစ်ကုန်ပိုင်းကတည်းက ပွင့်ဖြူမြို့ပေါ်က ကြံ့ခိုင်ရေးပါတီရုံးမှာ သွားရောက်နေထိုင်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံရတယ်လို့ သိရပေမယ့် DVB အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၃၁ ရက်နေ့ ည ၁ နာရီခွဲဝန်းကျင်ကလည်း ပွင့်ဖြူမြို့နယ်ထဲက ရေရင်ကျေးရွာကို စက်တပ်လေထီး (Paramotor) နဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၁ ယောက် သေဆုံးခဲ့ရသလို ပြည်သူ ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး လူနေအိမ် ၁ လုံး မီးလောင်ပျက်စီးသွားသေးတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်ရေးအခြေအနေတွေ တင်းမာနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက်ကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ ပွင့်ဖြူမြို့နယ်အတွင်း မုန်းချောင်းတလျှောက်က ရေလမ်းကြောင်းတွေ အပါအဝင် ဆည်တော်-စံပြမြောင်းဘောင်လမ်းတွေနဲ့ လယ်ယာစိုက်ခင်းတွေထဲကို မသွားလာကြဖို့ တားမြစ်ထားတယ်လို့လည်း မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

Photo: Aung Shein Thu

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013