
စစ်ကောင်စီ အမြောက်တပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ဒရုန်းနဲ့ လာရောက် ဗုံးကြဲခဲ့တာကြောင့် တနင်္သာရီမြို့နယ်မှာ အမျိုးသမီး ၅ ယောက် ထိခိုက်ကာ နေအိမ် ၂ ဆောင် မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မော်တုန်းရွာအခြေစိုက် အမတ ၃၀၆ တပ်ရင်းက ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီလောက်မှာ လယ်တောင်ယာကျေးရွာကို လက်နက်ကြီးတွေပစ်ခတ်ကာ ဒရုန်းတွေနဲ့လည်း ဗုံးသီးချပြီးနောက် ညောင်ပင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း လယ်တောင်ယာရွာက ဒေသခံ အမျိုးသမီး ၅ ယောက် ထိခိုက်ခဲ့ပြီး ၂ ယောက် စိုးရိမ်ဒဏ်ရာရကာ ညောင်ပင်ကုန်းကျေးရွာမှာတော့ နေအိမ် ၂ ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောပါတယ်။
“မိန်းမကြီးတယောက်ကတော့ အခြေအနေ တော်တော်ဆိုးနေတယ်ဗျာ။ ဒဏ်ရာရတဲ့သူတွေ များတယ်။ ၁၄ နှစ်အရွယ် ကျောင်းသူတဦးနဲ့ ဆေးဘက်ဆိုင်ရာ ဆရာမတဦးလည်း ပါတယ်။”
စိုးရိမ်ဒဏ်ရာရတဲ့ ၂ ယောက်က လယ်တောင်ရွာက ဖွားသန်းကြည်နဲ့ မသီသီစိုးတို့ ဖြစ်ကြပြီး ဆေးကုသမှု ခံယူထားရတယ်လို့ သိရပါတယ်။
မော်တုန်းရွာခံ အမျိုးသမီးတယောက်က “ညောင်ပင်ကုန်းက ၂ လုံး၊ လယ်တောင်ရွာမှာ တလုံးပါ။ လယ်တောင်ယာဘက်က နည်းနည်းအလှမ်းဝေးတော့ အတိအကျ မသိရဘူး။ စကစဘက်က ညောင်ပင်ကုန်းမှာရော တချိန်တည်း ချသွားတာပါ” လို့ ပြောပါတယ်။
ညောင်ပင်ကုန်းကျေးရွာ တိုက်ခိုက်မှုမှာတော့ နေအိမ်ထဲ လူမရှိတဲ့အတွက် ထိခိုက်မှုမရှိခဲ့တာလို့ သိရပြီး အဆိုပါနေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း အရှေ့သာရဖုံကျေးရွာနဲ့ ပဝကျေးရွာတို့မှာ စစ်ကောင်စီ အမြောက်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရကာ တယောက် စိုးရိမ်ရတဲ့ အခြေအနေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။