
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာမှာ စက်သုံးဆီနဲ့ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင် ၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
PDF တွေကို စက်သုံးဆီရောင်းပေးနေတယ်လို့ စွပ်စွဲပြီး မရမ်းချိုကျေးရွာက စက်သုံးဆီနဲ့ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင် ကိုနိုင် နဲ့ နောက်ထပ်တယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဇန်နဝါရီ ၂၈ ရက် ညနေလောက်မှာ ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူ ဒေသခံတယောက်က “PDF တွေနဲ့ ရခိုင်ဘက် ကုန်စည်တွေ ရောင်းပေးနေတယ်ဆိုပြီး ဖမ်းတာ။ ရေကြည်မြို့နယ် ညောင်မှော်အုပ်မှူး ဝင်းဇော်ဦးရဲ့ သတင်းပေးချက်နဲ့ ဖမ်းတာလို့သိရတယ်။ အဖမ်းခံရတဲ့ ၂ ယောက်က စီးပွားရေးသမားတွေပါ။ အကုန် အဆင်ပြေအောင် ပေါင်းတယ်” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် ၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက သာပေါင်းမြို့နယ်၊ ဘုရားကုန်းရဲစခန်းမှာ ခေတ္တဖမ်းထားပြီး သာပေါင်းမြို့ရဲစခန်းကို မနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ဖမ်းတာ မှန်ပါတယ်။ တရားမဝင် အဖွဲ့အစည်းတွေဆီ ကုန်ရောင်းတာကြောင့် ဖမ်းတာလို့ ခေါင်းစဉ်တပ်ထားတယ်။ စက်သုံးဆီ ၅ ပေပါလောက်နဲ့ စားသောက်ကုန်ပစ္စည်းတွေပါ သိမ်းထားတယ်” လို့ ပြောပါတယ်။
သာပေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို PDF တွေနဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲ ဖမ်းဆီးနေတာအပြင် မြို့အဝင်အထွက် နေရာတွေမှာ အခုရက်ပိုင်းအတွင်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။