
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ပြည်သူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာတွေကို မှတ်တမ်းမှာဖော်ပြထားပါတယ်။
လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD) ရဲ့ မှတ်တမ်းတွေအရ ၄ နှစ်အတွင်း ပြည်သူအယောက် ၅,၁၄၀ သေဆုံးခဲ့ပြီး၊ ဖမ်းဆီးခံရသူ ၁၈၀,၀၀၀ ကျော် ရှိကြောင်းနဲ့ နေအိမ်ပေါင်း ၈ သောင်းနီးပါး မီးရှိ့ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေကိုလည်း ၁၆၇ ကြိမ် ဖျက်ဆီးခဲ့ပြီး ပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် ၄ နှစ်အတွင်း စစ်ကောင်စီဟာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်ခဲ့ပြီး ဒီလိုလုပ်ရပ်တွေဟာ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရဲ့ စီရင်ပိုင်ခွင့်အတွင်းမှာရှိတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇတ်မှုတွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့အရပ်သားတွေကို သတ်ဖြတ်တာ၊ အရပ်သားတွေကို မခွဲခြားဘဲ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားနေအိမ်တွေကိုမီးရှို့တာတို့ကို စိတ်ပါလက်ပါ ကျူးလွန်နေပြီး ဒါတွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုလုပ်ရပ်တွေဟာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွေကို ချိုးဖောက်တာဖြစ်ပြီး၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲဆိုဖို့ကိုလည်း ထုတ်ပြန်တောင်းဆိုထားပါတယ်။