
ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၀၈ မှု ကျူးလွန်ခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဇန်နဝါရီ ၃၁ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့တဲ့အတွက် အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံနေရပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၁၀၆ ယောက် သေဆုံးခဲ့ပြီး ၄၅၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၂၄ ဖေဖော်ဝါရီ ၅ ရက်မှာ မိုင်းပျဉ်းအခြေစိုက် ခလရ ၂၄၉ မှ စစ်ကောင်စီတပ်သားတွေက ရှားတောမြို့နယ်က ဆိုမို/ဖေဆိုးလေးက ရွာသား ၇ ယောက်ကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ကလေးငယ်နဲ့ မသန်စွမ်းသူ အားလုံးကို သတ်ဖြတ်ခဲ့ပါတယ်။
အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာ စစ်ရှောင်စခန်း စတဲ့နေရာတွေကို ပစ်မှတ်ထားကာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှု ၁၁ ခု၊ မြေမြှုပ်မိုင်းနဲ့ ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်တဲ့ဖြစ်စဉ် ၂၆ ခုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုဖြစ်စဉ် ၄၆ ခု ကျူးလွန်ခဲ့ပါတယ်။
IEC အတွင်းရေးမှူး ၂ ကိုဗညားခွန်အောင်က “၂၀၂၄ မှာတော့ လေယာဉ်နဲ့ တိုက်ခိုက်မှုတွေ ပိုများလာတယ်။ ဒရုန်းတွေကို ပိုသုံးလာတာ တွေ့ရတယ်။ တချို့တိုက်ခိုက်မှုတွေမှာ အဆိပ်ငွေ့တွေ သုံးလာတာလည်း တွေ့ရတယ်။ လက်နက်ကြီးကတော့ အရင်နှစ်တွေကလိုပဲ ပုံမှန်ပစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာတော့ ကလေး မက လူကြီးတွေကပါ လေယာဉ်သံကြားရင် ကြောက်လန့်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံနေရပါတယ်။ စိတ်ထောင်းတော့ ကိုယ်ကြေဆိုသလိုပေါ့လေ၊ နေထိုင်လို့မကောင်းဘဲ စိုးရိမ်ကြောင့်ကြမှုများပြီး အိပ်မပျော်တာတွေ၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတာပေါ့” လို့ DVB ကို ပြောပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချမှု ရပ်တန့်ဖို့၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့၊ စစ်ကောင်စီကို နိုင်ငံတကာအစည်းအဝေးတွေမှာ မဖိတ်ကြားဖို့၊ လူသားချင်းစာနာရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီပံ့ပိုးပေးဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
သီရိ