Home
မြန်မာသတင်း
မုံရွာတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ပြည်သူများကို စစ်တပ်က သေနတ်ပစ်ဖောက် ဖမ်းဆီး
DVB
·
January 31, 2025

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သာစည်လမ်းမပေါ်ရှိတဲ့ လက်ဖက်ရည်ဆိုင် ၃ ဆိုင်အတွင်း စားသောက်နေတဲ့ ပြည်သူတွေကို ဇန်နဝါရီ ၃၁ ရက် မနက် ၈ နာရီကျော်လောက်မှာ စစ်တပ်က သေနတ်ပစ်ဖောက် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မုံရွာမြို့ခံတွေဆီကနေ သိရပါတယ်။

အဆိုပါ လက်ဖက်ရည်ဆိုင်တွေကို စစ်ကား ၆ စီးနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့လည်း မျက်မြင် ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။

“ကျနော်တို့ သာစည်လမ်းမပေါ်မှာရှိတဲ့ မိတ်ဆွေစစ်၊ ရှမ်းလေး၊ ဟိန်း စတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ မနက်ပိုင်း လက်ဖက်ရည်သောက်နေတဲ့ အရပ်သားတွေကို ဝင်ဖမ်းတာ။ ကနဦး သာစည်လမ်း မြောက်ဘက်မှာရှိတဲ့ မိတ်ဆွေစစ် လက်ဖက်ရည်ဆိုင်ကို အရင်ဆုံး ဝင်ဖမ်းတာ။ ဆိုင်အတွင်း လက်ဖက်ရည်၊ မုန့် စားနေကြတဲ့သူတွေက ထွက်ပြေးသူက ပြေးကြတယ်။ အဲလိုထွက်ပြေးလို့ စစ်သားတယောက်က သေနတ် ၂ ချက်ပစ်တယ်။ ဆိုင်ထဲက မုန့်လုပ်သမား အမျိုးသားတဦးကို ဖမ်းပြီးတော့ တိုင်းရင်းဆေးရုံလမ်းနဲ့ သာစည်လမ်းထောင့်မှာရှိတဲ့ ရှမ်းလေး၊ ဟိန်း လက်ဖက်ရည်ဆိုင် ၂ ဆိုင်မှာ စားသောက်နေတဲ့ ပြည်သူတွေကို ထပ်ဖမ်းတယ်။ စုစုပေါင်းကတော့ ၂၀ လောက်အထိ ရှိမယ်ဗျ။”

မုံရွာမြို့ ပေါ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ဆိုတာကို အကြောင်းပြပြီး လူနေအိမ်၊ ရပ်ကွက်တွေအတွင်း ညအချိန်မတော် ဧည့်စာရင်းစစ်တာနဲ့ မထင်မှတ်ဘဲ အိမ်အတွင်းဝင်ရောက်ပြီး ဥပဒေမဲ့ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း နိုင်ငံရးသမားတယောက်က “စစ်တပ်ကတော့ဗျာ ပြည်သူတွေ မယုံကြည်တာလည်း မပြောနဲ့။ ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ကျောက္ကာလမ်းမပေါ်က မိုဘိုင်းဝမ်းဖုန်းဆိုင်က အရောင်းစာရေးမနဲ့ အလုပ်သမားတွေလည်း ဝင်ဖမ်းပြီး ပေါ်တာဆွဲတယ်။ အခုလည်း လက်ဖက်ရည်ဆိုင်ထိုင်တဲ့သူတွေကို ပေါ်တာဆွဲတယ်။ ဒီလိုလုပ်ရပ်ကြီးနဲ့ကတော့ ပြည်သူက ဘယ်လိုလုပ်ပြီး သူတို့ကို ယုံကြည်မလဲ။ သူတို့ပေါ်တာဆွဲတဲ့ သူတွေကလည်း ဒီ မအလစစ်တပ်ကို ယုံကြည်ချက်မရှိတော့ သူတို့စစ်တပ်မှာ ဘယ်သူက သစ္စာရှိရှိ တာဝန်ထမ်းမလဲဗျာ။ ပြည်သူမကြိုက်တဲ့ စစ်မှုထမ်းဥပဒေက မအလ နဲ့ စကစ စစ်တပ်အတွက် အလုပ်မဖြစ်ဘူး။ ပြည်သူရဲ့ မုန်းတီးမှုကိုပဲ ရလိမ့်မယ်” လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေကို နေ့စဉ်ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅၊ ၂၆၊ ၂၇ ရက် ၃ ရက်တာအတွင်း အမျိုးသား၊ အမျိုးသမီး ပြည်သူ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူ ၂၀၀ ကျော်ကို မုံရွာမြို့ မြို့တော်ခန်းမကနေ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ခေါ်ဆောင်ပြီး စစ်သင်တန်းပေးကာ ရှေ့တန်းစစ်မြေပြင် အပို့ခံရသူ၊ မြို့ဝင်ဂိတ် အစောင့်တာဝန်ပေးခံရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013