Home
မြန်မာသတင်း
ရွှေသောင်ယံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ် ၁ ဦးသေဆုံး
DVB
·
January 31, 2025

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ တပင်မှော်ကျေးရွာမှာ စစ်ဆင်ရေးကိစ္စနဲ့ စစ်ကောင်စီတပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး သေနတ်နဲ့ပစ်ခတ်လို့ ဗိုလ်အဆင့်တယောက် သေဆုံးခဲ့ပြီး ဒီဖြစ်စဉ်ကို တိုင်းမှူးက တိတ်တဆိတ်စစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဘောမိတိုက်ပွဲ ဖြစ်ပွားပြီးနောက် တပင်မှော်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားအချင်းချင်း ဇန်နဝါရီ ၂၈ ရက်က ခိုက်ရန်ဖြစ်ပွားပြီး သေနတ်နဲ့ပစ်ခတ်လို့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်တယောက် သေဆုံးသွားကာ ဖြစ်စဉ်ကို စစ်ကောင်စီခန့် တိုင်းမှူးက တိတ်တဆိတ်စစ်ဆေးဖို့ ညွှန်ကြားထားတာလို့ ဆိုပါတယ်။

ပုသိမ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်က “အရင်ကတည်းက ဧရာဝတီတိုင်းမှာ ကျနေတဲ့ ဒုကြပ်တယောက်နဲ့ အသစ်ထပ်ကျလာတဲ့ ဗိုလ်အဆင့်ရှိသူတယောက် ရန်ဖြစ်တာ။ စစ်ဆင်ရေး ကွပ်ကဲတဲ့ကိစ္စနဲ့ ပစ်ကျ ခတ်ကျ ဖြစ်တာလို့ သိရတယ်။ သေဆုံးသူက ဗိုလ်အဆင့်ရှိသူပါ။ စစ်ဆင်ရေးထွက်ရင်း စစ်ဆင်ရေးကိစ္စနဲ့ဖြစ်လို့ လုံးဝမပေါက်ကြားဖို့ ညွှန်ကြားထားတယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်လို့ AA က ဘောမိကျေးရွာကို သိမ်းထားပြီးနောက် ရွှေသောင်ယံမြို့အနီး တပင်မှော်မှာ ခံစစ်ပြင်တပ်စွဲဖို့ ရောက်လာတဲ့ အသက် ၃၀ အရွယ် ဗိုလ်အဆင့်ရှိသူဖြစ်ပြီး ကျန်တဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဲဒီကိစ္စကို ဗိုလ်မှူးတယောက်က စစ်ဆေးနေတယ်။ ရွှေသောင်ယံဘက်ကမှာက စစ်ရေးနဲ့ အခြားအခြေအနေတွေလည်း ရှုပ်နေတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) က ရွှေသောင်ယံမြို့နဲ့ ထိစပ်နေတဲ့ ဂွမြို့ကို ၂၀၂၄ ဒီဇင်ဘာလကုန်ပိုင်းက သိမ်းယူပြီးနောက် ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာမှာ ဇန်နဝါရီ ၈ ရက်က စတင်ကာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် မကျီးဇင်ကျေးရွာက စစ်ကောင်စီတပ်သားတွေဟာ ဘောမိကျေးရွာဘက်ကို ဆုတ်ခွာထွက်ပြေးခဲ့ရပါတယ်။ 

ဘောမိကျေးရွာမှာ ထပ်မံတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၁၆ ရက်မှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးဒဏ်ရရှိမှုများနဲ့ ထပ်မံတပ်ဆုတ်ခဲ့ရကာ လက်ရှိ တပင်မှော်မှာ တပ်စွဲ ခံစစ်ပြင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘောမိရွာတိုက်ပွဲမှာ AA က စစ်ကောင်စီတပ်ရဲ့ သံချပ်ကာယာဉ်တချို့နဲ့ ဧရာဝတီတိုင်းအတွင်း ပွိုင့် ၂၆၃ နဲ့ ပွိုင့် ၃၆၉ စခန်းနှစ်ခုကို သိမ်းပိုက်ထားတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013