
ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်း ဆူမီမြို့မှာ ဇန်နဝါရီ ၃၀ ရက် အစောပိုင်းက အထပ်မြင့် တိုက်ခန်းအဆောက်အအုံတလုံးကို ရုရှားက ဒရုန်းနဲ့တိုက်ခိုက်လို့ လူ ၉ ယောက် သေဆုံးပြီး ကလေးတယောက် အပါအဝင် ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။
ရုရှားရဲ့ ရှာဟဒ်ဒရုန်းကြောင့် သာမန် လူနေအဆောက်အအုံတလုံး ထိမှန်ပျက်စီးသွားခဲ့ရပြီးတော့ သေဆုံး၊ ဒဏ်ရာရခဲ့ကြသူတွေအတွက် စိတ်ထိခိုက်ရပါကြောင်းနဲ့ အားလုံးကို လိုအပ်တဲ့ အကူအညီတွေ ပေးထားကြောင်း ဇလန်းစကီးက ပြောပါတယ်။
အဆောက်အအုံတခုလုံးမှာရှိတဲ့ မိသားစုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးပစ်လိုက်တာဟာ ရုရှားရဲ့ လုပ်ရပ် အမှတ်အသားတခု ဖြစ်လာနေပြီး ဒီလို တိုက်ခိုက်မှုတိုင်းမှာ ကမ္ဘာကြီးရဲ့ အဖြေတခု လိုအပ်နေကြောင်းနဲ့ အကြမ်းဖက်တာကို အပြစ်မပေးလို့ မရပါဘူးလို့ ယူကရိန်းသမ္မတက ပြောသွားပါတယ်။
ရုရှားဟာ ယူကရိန်းမှာ တညလုံး ဒရုန်း ၈၁ စင်းကို ပစ်လွှတ်ခဲ့တာဖြစ်ပြီး နိုင်ငံတဝန်းရှိ စီးပွားရေးလုပ်ငန်းတွေနဲ့ နေအိမ်တွေ ပျက်စီးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
လေတပ်ဟာ မောင်းသူမဲ့လေယာဉ် ၃၇ စင်းကို ပစ်ချခဲ့ပြီး တခြား ၃၉ ခုကတော့ သူတို့ရဲ့ပစ်မှတ်တွေကို မရောက်နိုင်ခဲ့ပါဘူး။
ကျန်ဒရုန်း ၅ စင်းကတော့ ဘာဖြစ်သွားမှန်း အတိအကျ မပြောပြထားပါဘူး။ ရုရှားကတော့ အရပ်သားတွေကို တမင်ပစ်မှတ်ထားတယ်ဆိုတာကို ငြင်းဆိုထားပေမဲ့ မော်စကိုတပ်တွေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ဝင်ရောက်ပြီးနောက် ယူကရိန်းပြည်သူတွေ ထောင်နဲ့ချီပြီး သေဆုံးကာ ဒဏ်ရာရရှိခဲ့ကြပါတယ်။
Source : Reuters