ရုရှားကျောင်းသုံးစာအုပ်သစ်တွေမှာ ယူကရိန်းစစ်ပွဲကို ဆိုဗီယက်ခေတ်က နာဇီတွေနဲ့ တိုက်ပွဲဝင်ရပုံနဲ့ နှိုင်းယှဉ်ဖော်ပြထားပြီး ယူကရိန်းကို မလွှဲမရှောင်သာ စစ်သည်တွေ စေလွှတ်ရတာလို့ ဖော်ပြထားပါတယ်။
တရားဝင်အားဖြင့် “အထူးစစ်ဆင်ရေး” လို့ သုံးနှုန်းတဲ့ စစ်ပွဲဟာ အနောက်အုပ်စုနဲ့ NATO နောက်ခံပြု ယူကရိန်းနဲ့တိုက်ရတဲ့ ခက်ခဲပေမဲ့ လိုအပ်တဲ့စစ်ပွဲလို့ သမ္မတ ဗလာဒီမာပူတင်ရဲ့ မှတ်ချက်ကို ဖော်ပြထားပါတယ်။
ဒီစစ်ပွဲဟာ ရုရှားကို အားနည်းပြိုကွဲအောင် ကြိုးစားနေတဲ့ အကျင့်ပျက် အနောက်အုပ်စုနဲ့ ဖြစ်တည်မှုဆိုင်ရာတိုက်ပွဲရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဇန်နဝါရီ ၂၇ ရက်က စတင်မိတ်ဆက်ခဲ့တဲ့ “ရုရှားစစ်သမိုင်း” သုံးအုပ်တွဲကို ပူတင်ရဲ့ လက်ထောက်တယောက်ဖြစ်တဲ့ ဗလာဒီမာ မက်ဒင်းစကီးက တည်းဖြတ်တာဖြစ်ပါတယ်။
ဒီပုဂ္ဂိုလ်ဟာ စစ်ပွဲအစောပိုင်းကာလ ယူကရိန်းနဲ့ မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။
သုံးအုပ်တွဲမှာ တတိယတွဲကို အသက် ၁၅ နှစ်အောက် ကလေးငယ်တွေကို သင်ကြားမှာ ဖြစ်ပါတယ်။
ဒီစာအုပ်မှာ ရုရှားဘက်က ဒီစစ်ပွဲကို ဘာကြောင့်စခဲ့ရတယ်၊ ဘယ်လိုတိုက်ခိုက်နေရတယ် ဆိုတာတွေ ရှင်းပြထားတယ်လို့ ဆိုပါတယ်။
အနောက်ကမ္ဘာဟာ ရုရှားရဲ့ လုံခြုံရေးစိုးရိမ်မှုတွေကို နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့ပြီး NATO စစ်ရေးမဟာမိတ်ကို အရှေ့ဘက်ကို တိုးချဲ့လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၄ မှာ ရုရှားလိုလားတဲ့ ယူကရိန်းသမ္မတကို အနောက်အုပ်စုအကူအညီနဲ့ ဖြုတ်ချခဲ့ပြီး ယူကရိန်းကို ရုရှားဆန့်ကျင်ရေး ရန်လိုတဲ့ ခြေကုပ်ယူစရာနယ်မြေဖြစ်အောင် ဖန်တီးခဲ့တယ်လို့ ရေးသားထားပါတယ်။
အနောက်ကမ္ဘာနဲ့ ယူကရိန်းဟာ ဒီစစ်ပွဲ ရှောင်လွှဲမရအောင် တွန်းပို့ခဲ့ကြတာလို့ ရုရှားစစ်သမိုင်းပညာရှင် အီဗန် ဘာဆစ်က စာအုပ်မိတ်ဆက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကို ဘာလို့လုပ်ရတယ်ဆိုတာ လူငယ်မျိုးဆက်တွေ၊ ကျောင်းနေအရွယ် ကလေးငယ်တွေကို ရှင်းပြဖို့ ထုတ်ဝေရတာလို့လည်း ဆိုပါတယ်။
Source : Reuters