အဓမ္မစစ်သားစုဆောင်းခံရသူတွေ ဘက်ပြောင်းခိုလှုံလို့သွားခေါ်တုန်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ၄ ယောက်ကျဆုံးခဲ့ရတယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ တပ်စိပ်မှူး၊ ဒုတပ်စိတ်မှူး အပါအဝင် တပ်သား ၇ ယောက်ဟာ လက်နက်နဲ့အတူ ဇန်နဝါရီ ၁၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော် ပြည်သူ့ကာကွယ်အဖွဲ့ ဆီကို ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ကို သွားရောက်ခေါ်ထုတ်တုန်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း တိုက်ခိုက်ရေးတပ်ဖွဲ့က ရဲဘော်ဆင်ကြီးနဲ့ ဘက်ပြောင်း ခိုလှုံလာသူ တပ်သား ၃ ယောက် ကျဆုံးခဲ့ရပါတယ်။
ပြီးတော့ ဇေယျာသီရိမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ယက္ခနဲ့ လယ်ဝေးမြို့နယ် ပကဖ က ရဲဘော်သူရတို့လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကျဆုံးရဲဘော်တွေကို ဇန်နဝါရီ ၁၉ ရက်နေ့က အာဇာနည်ကုန်းမှာ ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုပြီး အခမ်းအနားနဲ့ သင်္ဂြိုဟ်ခဲ့တယ်လို့လည်း ဆိုပါတယ်။