ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်အတွင်းမှာရှိတဲ့ တဂေးလောင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လက်လုပ် အသေခံဒရုန်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးသထူခရိုင်ထဲမှာရှိတဲ့ ဘီးလင်းမြို့နယ်၊ တဂေးလောင်း ကျေးရွာ စာသင်ကျောင်းတွေကို စစ်ကောင်စီက လက်လုပ်အသေခံဒရုန်း ၂ စင်းနဲ့ ဇန်နဝါရီ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့တာပါ။
အဆိုပါ ဒရုန်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်ခေါင်မိုးကို ထိမှန်ခဲ့ပြီး ခေါင်မိုးပြားတွေနဲ့ မျက်နှာကြက် ပျက်စီးသွားပေမဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ တခြားလူတွေ ထိခိုက်တဲ့ သတင်းကတော့ မကြားသိရပါဘူး ။
ဒီအသေခံဒရုန်း ၂ စင်းကို ကျေးရွာစာသင်ကျောင်းနဲ့ လူနေထိုင်ရာ ရပ်ရွာထဲကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာဖြစ်တယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် တဂေးလောင်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ရွာတွေက ပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်နေကြသလို စာသင်ကျောင်းတွေကိုလည်း လက်ရှိအခြေအနေအရ ပိတ်ထား ရပါတယ်။
မြတ်သဇင်