ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ တို့ဟာ ဇန်နဝါရီ ၁၆ ရက်က ယူကရိန်းနိုင်ငံအတွင်းရှိ ဒရုန်းပြပွဲတခုကို သွားရောက်ခဲ့ကြပြီး ယူကရိန်းနိုင်ငံဟာ ဗြိတိန်ရဲ့ အကူအညီနဲ့ ဒရုန်းထုတ်လုပ်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
တချို့ ဒရုန်းအမျိုးအစားတွေကို ၂ ဆတိုး ထုတ်လုပ်သွားဖို့ရှိပြီး ယူကရိန်းရည်မှန်းချက်ကို တကယ်အကောင်အထည်ဖော်ဖို့၊ ဒရုန်းအရေအတွက် စံချိန်တင်အောင်လုပ်ဖို့တွေ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာကလည်း ဒီစွမ်းရည်ဟာ ယူကရိန်းနိုင်ငံသားတွေရဲ့ အသက်တွေကို ကယ်တင်နေတာဖြစ်ပြီး အဲဒီ ကြောက်စရာကောင်းတဲ့ ရန်စမှုတွေကို တိုက်ဖျက်နိုင်တဲ့ စွမ်းရည်ရဲ့ တစိတ်တပိုင်းဖြစ်ဖို့အတွက် တိုက်ပွဲဝင်နေတာဖြစ်ကြောင်း ပြောကြားပါတယ်။
တကယ်လို့ ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဖြစ်ရင် ကိယက်ဗ်ကို ခိုင်မာတဲ့ လုံခြုံရေးအာမခံချက် ပေးနိုင်ဖို့ ယူကရိန်းနဲ့ မဟာမိတ်တွေနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပြီး နှစ်ပေါင်း ၁၀၀ မိတ်ဖက်သဘောတူညီချက်နဲ့ ဇလန်းစကီးကို ပိုမိုပံ့ပိုးကူညီမယ် လို့လည်း စတာမာက ဒီခရီးစဉ်အတွင်းမှာ ကမ်းလှမ်းခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ လာရောက်နေချိန်အတွင်းမှာပဲ ဇန်နဝါရီ ၁၆ ရက်က ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်မှာ ရုရှားဒရုန်းတိုက်ခိုက်မှုကို တားဆီးဖို့ လေကြောင်းရန် ကာကွယ်ရေးတွေကို လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် လူအသေအပျောက် မရှိကြောင်း မြို့တော်တာဝန်ရှိသူတွေက ပြောကြားပေမဲ့လည်း ခရိုင်တခုမှာတော့ အပျက်အစီးတွေ ပြုတ်ကျမှုကြောင့် ကားတစီး ပျက်စီးသွားကြောင်း သိရပါတယ်။
ရုရှားဟာ ယူကရိန်းနိုင်ငံအနှံ့ကို ဒရုန်းတွေ ပုံမှန် လွှတ်တင်နေတာပါ။ ကြာသပတေးနေ့ကတော့ ယူကရိန်းလေတပ်ဟာ ညတွင်းချင်း တိုက်ခိုက်မှုအတွင်း ဒရုန်း ၅၅ စင်းထဲက ၃၄ စင်းကို ပစ်ချခဲ့ပြီး နောက်ထပ် ၁၈ စင်းက ပစ်မှတ်ကို မရောက်နိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
Source : Reuters