Home
နိုင်ငံတကာ
အီရန်က ဒရုန်းအစီးရေ ၁,၀၀၀ ဖြည့်သွင်းပြီး အကြီးစား စစ်ရေးလေ့ကျင့်မှု စတင်
DVB
·
January 15, 2025
Photo-Reuters

အီရန်စစ်တပ်က သူ့လက်နက်တိုက်ထဲမှာ ပြည်တွင်းထုတ် မဟာဗျူဟာမြောက် ဒရုန်းအစင်း ၁,၀၀၀ ကို ဇန်နဝါရီ ၁၃ ရက်က ထည့်သွင်းခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ် (UAVs) တွေကို နိုင်ငံအတွင်း ဒေသအသီးသီးက တိုက်ခိုက်ရေးအဖွဲ့တွေဆီလည်း ဖြန့်ဝေခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီး အာဇစ် နာစီယာဇာဒါက ဒီဒရုန်းတွေဟာ အီရန်ဲရ့ ကောင်းကင်ယံကို စိုးမိုးနိုင်ပြီး လိုအပ်ရင် ရန်သူတွေကို ပြတ်ပြတ်သားသား ထိုးနှက်နိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။

UAV ဒရုန်းတွေမှာ စစ်ဆင်ရေးအကွာအဝေး ကီလိုမီတာ ၂,၀၀၀ ကျော်ပြီး အဖျက်စွမ်းအား မြင့်မားတယ်၊ ရေဒါထောက်လှမ်းနိုင်မှု နည်းပြီး ပြင်ပထိန်းချုပ်မှုမရှိဘဲ အလိုအလျောက် လုပ်ဆောင်နိုင်တာတွေ အပါအဝင် အဆင့်မြင့်အင်္ဂါရပ်တွေ တပ်ဆင်ထားတယ်လို့ IRNA က ပြောပါတယ်။

မောင်းသူမဲ့လေယာဉ်တွေဟာ အထူးစစ်ဆင်ရေးတွေအတွက် ရည်ရွယ်ပြီး ကင်းထောက်ခြင်း၊ နယ်ခြားစောင့်ကြပ်ခြင်းနဲ့ တိုက်ခိုက်ရေးတို့မှာ တပ်မတော်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ မျှော်လင့်ထားတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အီရန်စစ်တပ်ဟာ ဇန်န၀ါရီ ၄ ရက်မှာ နိုင်ငံရဲ့ ဒေသအသီးသီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီး ၂ လကြာမှာ ဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး သူတို့ဟာ အလယ်ပိုင်း အစ္စဖာဟန်ပြည်နယ်က နာတန်းဇ် ယူရေနီယံ သန့်စင်ရေးစက်ရုံလို အရေးကြီးတဲ့ အဆောက်အအုံတွေအနားမှာ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခန်းတွေကို လေ့ကျင့်ခဲ့ပါတယ်။

အီရန်နိုင်ငံဟာ လာမယ့်သီတင်းပတ်တွေအတွင်း အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ စစ်ရေးပြင်ဆင်တာတွေ ဆက်ထိန်းထားဖို့နဲ့ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့ကိုလည်း စီစဉ်ထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013