
ယူကရိန်းမှာ အထူးစစ်ဆင်ရေးအတွက်တပ်စွဲထားတဲ့ ရုရှားတောင်ပိုင်းတပ်ဖွဲ့တွေအတွက် ကွပ်ကဲမှုဌာနချုပ်ဆီ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေဘေလိုဆာ့ဗ် လာရောက်လည်ပတ်ပြီး စစ်သားတွေကို ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။
ဘယ်နေရာဆိုတာ အတိအကျ မဖော်ပြထားတဲ့ ရုရှားတောင်ပိုင်း စစ်ဌာနချုပ်ဆီ ခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီးဘေလိုဆာ့ဗ်ကို ရုရှားကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါး စန်ချစ်ခ်က အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးက ခဲယမ်းမီးကျောက်တွေ ပေးပို့တာ၊ မိုင်းချထားတာကနေ သံချပ်ကာယာဉ်တွေကို တိုက်ခိုက်တာအထိ အမျိုးမျိုးသော စစ်ဆင်ရေးတွေမှာ သုံးတဲ့ မြေပြင်ဒရုန်းတွေကို ပြသခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အိမ်နီးချင်း ယူကရိန်းနိုင်ငံဆီ အထူးစစ်ဆင်ရေးအတွက် ချီတက်ကြဖို့ ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက်မှာ အမိန့်ပေးခဲ့ပြီး ကျူးကျော် စစ်ပွဲဆင်နွှဲခဲ့တာပါ။
ယူကရိန်းလေ့လာသုံးသပ်သူတွေကတော့ ရုရှားဟာ မနှစ်က နယ်မြေ ၁,၂၀၀ စတုရန်းမိုင် လောက်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်းမှာ တဖြည်းဖြည်း မှန်မှန်ချီတက်လာခဲ့ပြီး နှစ်ဖက်စလုံး စစ်ရေးအရ အဆုံးအရှုံးများခဲ့ပါတယ်။
မြေပြင်တိုက်ပွဲအတွင်း တနှစ်ကျော်ကြာအောင် မဆုတ်မနစ် ခုခံစစ်ပွဲဆင်နွှဲလာတဲ့ ယူကရိန်းတပ်ဖွဲ့တွေဘက်ကလည်း လွန်ခဲ့တဲ့ ၆ လအတွင်း ရုရှားနိုင်ငံအတွင်း ပိုင်နက်နယ်မြေတခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Source : Reuters