Home
မြန်မာသတင်း
အွန်လိုင်းငွေလိမ်ဂိုဏ်းများ လက်မခံဟု DKBA ပြော
DVB
·
February 6, 2025

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လုပ်ကိုင်နေတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အနေနဲ့ လက်မခံဘူးလို့ ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ က DVB ကို ပြောပါတယ်။

လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို နိုင်ငံတကာနဲ့အတူ ပူးပေါင်းတိုက်ဖျက်သွားမှာ ဖြစ်တဲ့အပြင် DKBA ထိန်းချုပ်နယ်မြေအတွင်း  လူကုန်ကူးခံရသူတွေကို မြန်မာနိုင်ငံသံရုံးနဲ့အတူ နိုင်ငံတကာသံရုံးတွေကအကူအညီ တောင်းခံလာပါက ရှာဖွေပေးအပ်သွားမယ်၊ ထိန်းချုပ် နယ်မြေအတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး တားဆီးနှိမ်နင်းသွားမယ်လို့ DKBA က ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန်ထားပါတယ်။

DKBA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ က “ကျားဖြန့်နဲ့ ပတ်သက်တာတော့ လက်မခံဘူးလေ။ အရင်တုန်းက ထိုင်းဘက်ကလာတုန်းကလည်း ပြောတာပဲ။ ကျနော်တို့ သွားကြိုတာလည်း မဟုတ်ဘူး။ လေယာဉ်ပျံနဲ့လာတယ်၊ ကားနဲ့လာတာပဲ။ အဲဒီ တခါတည်း ဒီမှာရောက်တာနဲ့ နောက်ကြားရတာနဲ့ အဲဒီကျောက်ခက်မှာလည်း ပြောတယ်။ ရှိတယ် သူတို့ပြောနေတယ်။ ဒါပေမဲ့ ပြန်လွှတ်ပေးတာ ၂၀ ကျော် ၃၀ ရှိနေပြီ။ ထိထိရောက်ရောက် တကယ်တွေ့မယ်ဆိုလို့ရှိရင် အခမ်းအနားနဲ့ ကျောက်ခက်ကနေ ပြန်ပို့မယ်။ နောက်မဟုတ် နာမည်ပဲပျက်တယ်။ နောက်ပြီးတော့ လက်မခံဘူး။ သူများသားသမီး အနိုင်ကျင့်တာတို့ ကျားဖြန့်လုပ်တာတို့လည်း ကျနော်တို့လည်း လက်မခံဘူး” လို့ ပြောပါတယ်။

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးစိုးတဲ့ မြန်မာဘက်ခြမ်းက မြဝတီနဲ့ တာချီလိတ် အပါအဝင် နေရာ ၅ နေရာကို ထိုင်းဘက်က လျှပ်စစ်မီး ဖြတ်တောက်လိုက်တာကြောင့် ပြည်သူတွေအပေါ်လည်း သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

ကျားဖြန့်နဲ့ပတ်သက်ပြီး ဘယ်လိုပုံစံနဲ့ဖျက်မလဲ ဆိုတာကို ပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီးတော့ ချပြဖို့လိုတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ဒါရိုက်တာ နော်ဝါးခူရှီးက ပြောပါတယ်။

“ကျမတို့က ဒီအက်ရှင်ကို တွေ့ချင်တယ်။ တကယ် ကျားဖြန့်နဲ့ပတ်သက်ပြီးတော့ ကျမတို့ ကရင်ပြည်မှာ ဖျက်သိမ်းလို့ရအောင် ဘာတွေအစီအစဉ်ရှိလဲ။ ပြီးတော့ ဘယ်လိုပုံစံနဲ့ဖျက်မလဲ။  အဲဒါက ဒီပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီးတော့ ချပြဖို့လိုတယ်။ DKBA မကဘဲ တခြားသော မစ်ကွန်ထိုးဧရိယာမှာ တာဝန်ရှိတဲ့လူတွေ အဖွဲ့တွေအားလုံး ဒီဟာနဲ့ပတ်သက်ပြီး တိုက်ဖျက်ဖို့ အစီအစဉ်တွေ ဘယ်လိုရှိလဲ။”

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးစိုးတဲ့ဒေသတွေကို လေ့လာကြည့်တဲ့အခါ ဘာမှမရှိတဲ့ နေရာမှာ အဆောက်အအုံဆောက်ပြီး တခါတည်း လုပ်ငန်းတွေလုပ်နေတယ်ဆိုတာက မဟုတ်တာတွေ မမှန်တာတွေ လုပ်နေတယ်ဆိုတာ သိသာတယ်လို့ မြဝတီမြို့ခံတယောက်က ပြောပါတယ်။

“ဒီလိုနေရာကြီးမှာ ဘာမှမရှိတဲ့နေရာမှာ ဒီလို အဆောက်အအုံဆောက်ပြီး ဒီလို တခါတည်း လုပ်ငန်းတွေ လုပ်နေတယ် ဆိုတာက မဟုတ်တာတွေ လုပ်နေတယ်ဆိုတာ သိသာတယ်။ မမှန်တာတွေ လုပ်နေတယ်ဆိုတာ သိသာတယ်။ ဒီဟာ ကိုယ့်နိုင်ငံအတွက် ကိုယ့်ပြည်နယ်အတွက် မရှိသင့်ဘူး ဆိုတာလည်း သိသာတယ်။ သေသေချာချာလည်း ကြည့်လိုက်ကော အဲဒီဝင်ငွေ ၂ ခုက ဒီမြဝတီမြို့ကြီးက စည်ကားနေတယ်။ BGF တွေ၊ DKBA တွေ ရပ်တည်နိုင်တယ်။ အဲဒါတွေကြောင့် သူတို့မှာလည်း အခက်အခဲဖြစ်နေတယ်လို့ ကျနော်မြင်တယ်။”

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးစိုးလာတာနဲ့အတူ ဒေသတွင်းမှာ မူးယစ်ဆေးဝါး ပေါများလာပြီး ရှေ့ဆက်ရမယ့် လူငယ်တွေရဲ့ ဘဝတွေအတွက် စိုးရိမ်ရတယ်လို့ ကရင်ငြိမ်ချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) တာဝန်ရှိသူက ပြောပါတယ်။

ထိုင်းအစိုးရရဲ့ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ ဖြတ်တောက်မှုဟာ ကျားဖြန့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို ရည်ရွယ်ပေမဲ့ နယ်စပ်ဒေသတလျှောက် တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်နွှယ်မှုမရှိတဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲတဲ့ ဒေသခံ ပြည်သူတွေကိုပါ ထိခိုက်မှု ရှိနေတာပါ။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ကလည်း အွန်လိုင်းကငွေလိမ်တဲ့ကိစ္စ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတနဲ့ ဆွေးနွေးဖို့ရှိပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013