Home
မြန်မာသတင်း
ဂိမ်းဆိုင် ၆၀ ကျော်နှင့် အာဝါဒေး လောင်းကစားဝိုင်းများကို DKBA ပိတ်သိမ်း
DVB
·
February 4, 2025

မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့မှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်မိသားစုတွေ လုပ်ကိုင်နေတဲ့ ဂိမ်းဆိုင် ၆၀ ကျော်နဲ့ အာဝါဒေး လောင်းကစားဝိုင်းတွေကို ပိတ်သိမ်းလိုက်ပြီလို့ DKBA တာဝန်ရှိသူက ပြောပါတယ်။

ကရင်ပြည်နယ်မှာ ပွင့်လင်းရာသီက စတင်ပြီး ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်တွင်းက ကျေးရွာတွေနဲ့ နေရာအနှံ့မှာ လောင်းကစားဝိုင်းတွေကို အကြောင်းအမျိုးမျိုးပြပြီး  ပြုလုပ်နေပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့မှာ DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KLNA(PC)၊ နယ်ခြားစောင့်တပ် (BGF) အဖွဲ့အစည်းတွေက ဦးဆောင်ပြီး တပ်ဖွဲ့ဝင်တွေ စားဝတ်နေရေးအတွက် လုပ်ဆောင်နေတာပါ။

ဇန်နဝါရီ ၃၁ ရက်က ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ဗဟိုစစ်ဌာနချုပ်ရုံးက ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အကြောင်းကြားစာပေးပို့ပြီး DKBA က တာဝန်ယူလုပ်ကိုင်နေတဲ့  ဂိမ်းဆိုင်နဲ့ အာဝါဒေး လောင်းကစားတွေကို ပိတ်သိမ်းလိုက်တာပါ။

DKBA တာဝန်ရှိသူတယောက်က “လူကြီးတွေ စုပေါင်းပြီး ညှိညှိနှိုင်းနှိုင်း လုပ်တာဆိုတော့။ အဲဒီ အစီအစဉ်ကတော့ ကျနော်ထင်တာတော့ ရေရှည်တော့ မဖြစ်နိုင်ဘူး။ ကျနော်တို့ DKBA ကျတော့ လခမရှိဘူးလေ။ နောက် ရဲဘော်တွေ စားဝတ်နေရေး ပြေလည်မှု မပြေလည်မှုက ကျန်သေးတယ်။ အဲဒါကြောင့် ကျနော့်စိတ်အထင်တော့ ရေရှည်တော့ မဖြစ်နိုင်လောက်ဘူး။ အဓိကကတော့ စာမေးပွဲနီးလို့၊ နောက်ပြီးတော့ နိုင်ငံရေး ရှုပ်ထွေးမှုအပေါ်မှာ တချက်။ ရပ်နားတာတို့ ဘာတို့ ရှိမယ်။ အဲပုံစံမျိုး” လို့ ပြောပါတယ်။

မြဝတီမြို့မှာ ဂိမ်းဆိုင် ရာနဲ့ချီရှိပြီး အာဝါဒေးလောင်းကစား  ၂၀ နီးပါး ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ DKBA တပ်မိသားစုတွေ လုပ်ကိုင်နေတဲ့ ဂိမ်းဆိုင် ၆၀ ကျော်နဲ့ အာဝါဒေး လောင်းကစားဝိုင်းတွေကို ပိတ်သိမ်းလိုက်ပေမဲ့ ကျန်လက်နက်ကိုင်အဖွဲ့အစည်းတွေ တာဝန်ယူ လုပ်ကိုင်နေတဲ့ ဂိမ်းဆိုင်တွေ၊ အာဝါဒေးတွေ ကျန်ရှိနေပါတယ်။

ရပ်ကွက်က ဂိမ်းဆိုင်အသေးလေးတွေ ဟန်ပြအနေနဲ့ ပိတ်တာဖြစ်ပြီး ၃ ပုံမှာ ၁ ပုံလောက်တောင် မပိတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ယာယီ အသေးလေးတွေ အပိတ်ပြတာကတော့ ပြတယ်။ ရပ်ကွက်က အသေးလေးတွေ ဟန်ပြပိတ်တယ်။ အကုန်လုံးမဟုတ်ဘူး။ ၃ ပုံမှာ ၁ ပုံလောက် မပိတ်ပါဘူး။ အမတို့ ပတ်ဝန်းကျင် အနေအထားအရကတော့ ဖွင့်တဲ့ရုံကတော့ ဖွင့်တယ်။ အပိတ်ပြထားတဲ့ရုံတွေလည်း အပိတ်ပြထားတာဆိုတော့ ဘယ်အဖွဲ့အစည်း ဘယ်ဟာလဲဆိုတာ အတိအကျမသိဘူး” လို့ ပြောပါတယ်။

ကျန်ရှိနေတဲ့ ဂိမ်းဆိုင်နဲ့ အာဝါဒေး လောင်းကစားဝိုင်းတွေနဲ့ပတ်သက်ပြီး DVB က ကျန်ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒါ့အပြင် လောင်းကစားဝိုင်းတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ငြိမ်းချမ်းရေးကောင်စီ KNU/KLNA(PC)၊ နယ်ခြားစောင့်တပ် (BGF) အဖွဲ့အစည်းတွေက ကရင်နှစ်သစ်ကူးနေ့အပြီး မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ မြဝတီမြို့မှာ အာဝါဒေးလောင်းကစားနဲ့ လူမြင်ကွင်းက ဂိမ်းဆိုင်တွေကို ပိတ်သိမ်းသွားဖို့ သဘောတူ ညွှန်ကြားထားပါတယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024