ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာ ဇန်နဝါရီ ၈ ရက်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး နိုင်ငံခြားသား အယောက် ၄၀၀ နီးပါးကို ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
အာဏာပိုင်တွေဟာ အဆောက်အအုံတခုကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပြည်ပက သားကောင်တွေကို ပစ်မှတ်ထားကာ အွန်လိုင်း လိမ်လည်မှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို တွေ့ရှိခဲ့တာပါ။
ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေး ထောက်လှမ်းရေးဌာန ဗျူရိုမှ အကြီးအကဲ ဖော်ကျုနာတို မာနာဘန်က “သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ချိုးဖောက်ပြီး အများပြည်သူအတွက် သိသိသာသာ အန္တရာယ်တွေ ဖြစ်စေတယ်” လို့ စီးနင်းမှုအကြောင်း ဖော်ပြတဲ့ ကြေညာချက်မှာ ထည့်သွင်းပြောကြားထားပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ကလည်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ဖိလစ်ပိုင် အွန်လိုင်း ဂိမ်းအော်ပရေတာ (POGO) တွေကို လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ အွန်လိုင်းလိမ်လည်မှု၊ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုတွေအတွက် ရာဇ၀တ်ဂိုဏ်းတွေက ကာဗာအဖြစ် အသုံးပြုခဲ့တယ်လို့ ကြေညာထားခဲ့တာပါ။
လတ်တလောမှာတော့ ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဗျူရိုက ဝင်ရောက်စီးနင်းခဲ့တဲ့ ကုမ္ပဏီရဲ့ “POGO ကဲ့သို့သော လှုပ်ရှားမှုများ” ကို အချိန်အတန်ကြာ စောင့်ကြည့်နေခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အများစုက တရုတ်နိုင်ငံသားတွေ ဖြစ်ကြပြီး ကြိုတင်စာရင်းသွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေသလို သူတို့အားလုံးကို နေရပ်ပြန်ပို့တာတွေအတွက် စောင့်ဆိုင်းနေချိန်မှာတော့ ယာယီထိန်းသိမ်းထားမယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံအခြေစိုက် ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ပြီးခဲ့တဲ့နှစ် မေလတုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ အွန်လိုင်းလိမ်လည်လှည့်ဖြားသူတွေက ကမ္ဘာတဝန်းက သန်းနဲ့ချီတဲ့ သားကောင်တွေကို ပစ်မှတ်ထားပြီး နှစ်စဉ် ၀င်ငွေ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံကို ထုတ်ယူခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါလုပ်ငန်းတွေထဲမှာတော့ ဖိလစ်ပိုင်အလုပ်သမား ၁၅,၀၀၀ အပါအဝင် သန်းတဝက်လောက် အလုပ်ခန့်ထားသလို ဆိုရှယ်မီဒီယာတွေကတဆင့် အဓိကစုဆောင်းခံရပြီး လုပ်ဆောင်ချက် မပြည့်မီပါက လိမ်လည်လှည့်စားမှုတွေလုပ်ဖို့ ဖိအားပေးခံရကာ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။