ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း နီဂရိုဒေသမှာ မီးတောင်တခု ပေါက်ကွဲမှုကြောင့် အိမ်တွေ၊ လမ်းတွေ၊ အဆောက်အဦးတွေအားလုံး ပြာတွေဖုံးခဲ့ပါတယ်။
မောင့်ကန်လာအွန်မီးတောင်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ် ဒီဇင်ဘာ ၉ ရက်နေ့မှာ ပေါက်ကွဲခဲ့တာကြောင့် မီးတောင်ပြာတွေဟာ ကောင်းကင်မှာ ၂ မိုင်ခွဲလောက်အထိ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။
မီးတောင်အခြေအနေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်လေ့လာရေးအဖွဲ့က အဆင့် ၃ ရှိ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဆင့် ၃ ဟာ ချော်ရည်ထွက်မှု မြင့်မားလာပြီး ရက်သတ္တပတ်အတွင်း အန္တရာယ်ရှိတဲ့ မီးတောင်ပေါက်ကွဲမှု အခြေအနေရှိလာနိုင်တဲ့ သတိပေးချက်ဖြစ်ပါတယ်။
ဒါ့ကြောင့် မီးတောင် အနီးအနားမှာရှိတဲ့ ဒေသခံတွေကို ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ပြီး လူဦးရေ ၅၄၀၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ မီးတောင်ရှင် ၂၀ ကျော်ရှိပြီး ကန်လာအွန် မီးတောင်က အဲ့ဒီမီးတောင်တွေထဲက တခု ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ မီးတောင်တွေ ပတ်လည်ဝိုင်းနေတဲ့ ပစိဖိတ်ဒေသရှိ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် မီးတောင်ပေါက်ကွဲတာတွေ၊ ငလျင်လှုပ်ခတ်တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
Source-Reuters