စူပါတိုင်ဖွန်းမုန်တိုင်း မန်းယိဟာ ဖိလစ်ပိုင်ကျွန်းစုကို သီတင်းပတ်ကုန်က ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေနဲ့ မုန်တိုင်းဒီရေလှိုင်းတွေ ဖြစ်ပေါ်ခဲ့ကာ လူ ၈ ယောက်ထက် မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်က ဒေသခံတွေဟာ သူတို့ရဲ့ နေအိမ်တွေကို သန့်ရှင်းရေးပြုလုပ်နေကြပြီး နေအိမ်အများအပြား ပျက်စီးသွားတဲ့အတွက် ပြုပြင်မှုတွေ လုပ်ဆောင်နေကြပါတယ်။
ဒေသအစိုးရက မုန်တိုင်းဒဏ်ခံ ပြည်သူတွေကို သူတို့နေအိမ်တွေ ပြန်လည်တည်ဆောက်ရေး အတွက် အကူအညီပေးဖို့ ပန်ကြားထားပါတယ်။
စူပါတိုင်ဖွန်း မန်းယိဟာ တလအတွင်း ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်တဲ့ ၆ ကြိမ်မြောက် မုန်တိုင်းဖြစ်ပါတယ်။
ပျမ်းမျှအားဖြင့် ဖိလစ်ပိုင်နိုင်ငံကို နှစ်စဉ် အပူပိုင်းမုန်တိုင်း အကြိမ် ၂၀ လောက် ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။
Source : Reuters