စူပါတိုင်ဖွန်းမုန်တိုင်း မန်းယိဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိကကျွန်းဖြစ်တဲ့ လူဇုန်ကျွန်းမကြီးကို နိုဝင်ဘာ ၁၇ ရက်က ဖြတ်ကျော် ဝင်ရောက်ခဲ့တာကြောင့် မြို့တော်မနီလာဒေသမှာ မိုးသည်းလို့ လူပေါင်း ၁ သန်းကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပေးခဲ့ရပြီး နေရာအများအပြားမှာ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
“တိုင်ဖွန်းမုန်တိုင်း တိုက်တိုင်း အနီးအနားက မြစ်ထဲမှာ ရေတွေတက်လာလို့ ကျနော်တို့ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပါတယ်” လို့ မြို့တော်မနီလာရဲ့ ကမ်းရိုးတန်းဒေသနားမှာ နေထိုင်သူတယောက်က ပြောပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ပြီး ကာတန်ဒွါးနက်စ် ပြည်နယ်က အိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ စီးပွားရေး အဆောက်အအုံတွေ ပျက်စီးခဲ့ပေမယ့် သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ အရပ်ဘက် ကာကွယ်ရေး အကြီးအကဲ အေရီရယ် နေပိုမူစေးနိုး က ရိုက်တာကို ပြောပါတယ်။
ဖိလစ်ပိုင်ကို တလအတွင်း ဝင်ရောက်တိုက်ခိုက်တဲ့ ၆ ခုမြောက် မုန်တိုင်းမန်းယိဟာ လူဇုန်ကျွန်း တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို ဦးတည်နေပါတယ်။ နိုဝင်ဘာ ၁၆ ရက် ညကကာတန်ဒွါးနက်စ် ပြည်နယ် ပန်ဂါနီဘန်မြို့ကနေ မုန်တိုင်းက ကုန်းတွင်းကို ဝင်ရောက်ခဲ့ပြီး တဲ့နောက် နည်းနည်း အားပျော့သွားတယ်လို့ မိုးလေဝသတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
Source: Reuters