ဖိလစ်ပိုင်နိုင်ငံကို ခုသီတင်းပတ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ထရာမီကြောင့် သေဆုံးသူဦးရေဟာ ၉၀ ဦးအထိ မြင့်တက်လာပြီး ၃၆ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဖိလစ်ပိုင် အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနဲ့ စီမံခန့်ခွဲရေးကောင်စီ (NDRRMC) က အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။
ထရာမီ မုန်တိုင်းဟာ ဖိလစ်ပိုင် နိုင်ငံတဝန်းဒေသ ၁၆ ခုက လူပေါင်း ၅ ဒသမ ၇ သန်းကျော်အပေါ် သက်ရောက်ခဲ့တာလို့လည်း NDRRMC က ဆိုပါတယ်။
ဒီနှစ် ဖိလစ်ပိုင်ကိုဝင်တိုက်ခဲ့တဲ့ ၁၁ ခုမြောက် တိုင်ဖွန်းမုန်တိုင်း ထရာမီဟာ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့လို့ အထူးသဖြင့် ဘီကိုးနဲ့ ကာလာဘာဇုန်ဒေသတွေ၊ ဖိလစ်ပိုင် အလယ်ပိုင်းနဲ့ တောင်ပိုင်းက လူဇုန်ကျွန်းမကြီးတို့မှာ ရေကြီးရေလျှံတာတွေ၊ မြေပြိုတာတွေ ဖြစ်ခဲ့လို့ လမ်းတွေလည်း ပျက်စီးခဲ့ပါတယ်။
မြေပြိုရေကြီးမှုတွေကြောင့် ပျောက်သွားသူ ၃၆ ဦးကို ရှာနေတယ်လို့ အာဏာပိုင်တွေက ဆိုပြီး မုန်တိုင်း ထရာမီကြောင့် ဆိပ်ကမ်းတွေမှာ လူပေါင်း ၈,၀၀၀ ကျော် သောင်တင်နေခဲ့တယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
ထရာမီမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ အခြေခံအဆောက်အအုံ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းခြေ ပီဆို ၈၂၅ သန်း (အမေရိကန်ဒေါ်လာ ၁၄ သန်း) ရှိပြီး စိုက်ပျိုးရေးအတွက် ပျက်စီးမှုကတော့ ပီဆို ၁ ဒသမ ၄၃၂ ဘီလီယံ ရှိတယ်လို့ သက်ဆိုင်ရာက အစီရင်ခံပါတယ်။
လူပေါင်း ၂၄၀,၀၀၀ နီးပါး ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြပြီး သမ္မတက အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ ဒေသတွေဆီ အကူအညီတွေပို့ပေးဖို့ ညွှန်ကြားထားတယ်လို့ အစိုးရက ပြောပါတယ်။
ဖိလစ်ပိုင်ကို နှစ်စဉ် ပျမ်းမျှ တိုင်ဖွန်းမုန်တိုင်း ၂၀ လောက် တိုက်ခတ်နေပါတယ်။
Source-Reuters