အပူပိုင်းမုန်တိုင်း ထရာမီကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်နေလို့ ဖိလစ်ပိုင်တောင်ပိုင်းမှာ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲနေပါတယ်။
ထရာမီမုန်တိုင်းကြောင့် လူ ၈၇ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး လူ ၅ သိန်းနီးပါး ဘေးလွတ်ရာ ကို ရွှေ့ပြောင်းခဲ့ရတာဖြစ်ပါတယ်။
မုန်တိုင်းဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ ဘီကိုလ်ဒေသမှာ ဒေသခံတွေဟာ အိမ်ခေါင်မိုးတွေပေါ် တက်နေခဲ့ရပြီး ကူညီမှုတွေကို စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီဒေသမှာ ရေကြီးမှုတွေ ရှိနေသေးလို့ ကယ်ဆယ်ရေးလုပ်ဖို့ အလှမ်းဝေးနေပါသေးတယ်။
ဒေသခံရဲတပ်ဖွဲ့ညွန်ကြားရေးမှူးက “ဒီဒေသမှာ ရေမကျသေးပါဘူး။ ဒီနေရာတွေကို အကူအညီတွေပေးဖို့ လိုအပ်နေပါသေးတယ်” လို့ ပြောပါတယ်။
မုန်တိုင်းပြီးသွားပေမဲ့ ရေကြီးမှုတွေကြောင့် ဒေသခံတွေအတွက် အစားအစာနဲ့ရေအဓိက လိုအပ်နေပြီး ကလေးတွေလည်း နာမကျန်းဖြစ်ပွားတာတွေ ရှိနေပါတယ်။
ဖိလစ်ပိုင်သမ္မတ မာဒီနန်မားကို့စ်လည်း မုန်တိုင်းဒဏ်ခံရတဲ့ဒေသတွေကို စနေနေ့က လာရောက်ကြည့်ရှု့ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ထရာမီ မုန်တိုင်းကြောင့် မနီလာမြို့ တောင်ဘက်ဒေသတွေဖြစ်တဲ့ ဘီကိုလ်နဲ့ ဘာတန်ဂတ်စ်တို့မှာ သေဆုံးသူအရေအတွက် မြင့်တက်နေပါတယ်။
ဘီကိုလ်မှာ ၃၁ ယောက်သေဆုံးခဲ့ပြီး အများစုက ရေနစ်သေဆုံးခဲ့ တာဖြစ်ပါတယ်။ ဘာတန်ဂတ်စ်မှာ မြစ်ရေလျှံ တံတားကျိုးကျခဲ့မှုရှိခဲ့သလို မိုးကြီးမှုနဲ့အတူ သစ်လုံးတွေမျောပါပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
ဘာတန်ဂတ်မှာ သေဆုံးသူ ၅၁ ယောက်ရှိကာ ၂၂ ယောက် ပျောက်ဆုံးနေပါတယ်။ တခြားဒေသတွေမှာလည်း သေဆုံးသူ ၅ ယောက်ရှိလို့ စုစုပေါင်း ၈၇ ယောက်ရှိတယ်လို့ AFP က ထုတ်ပြန်ပါတယ်။
ဘာတန်ဂတ်စ်မှာ မြေပြိုမှုတွေရှိပြီး ရွှံဖုံးလွှမ်းမှုလည်း ၃ မီတာအမြင့်ရှိလို့ မြေတူးစက်တွေ အသုံးပြုပြီး ကယ်ဆယ်ရေးနဲ့ ပျောက်ဆုံးသူတွေ ရှာဖွေမှု ပြုလုပ်နေရပါတယ်။
အမျိုးသားဘေးအန္တရာယ်အေဂျင်စီရဲ့ ထုတ်ပြန်မှုအရ ရေကြီးမှုကြောင့် လူပေါင်း ၄၉၅၀၀၀ နေရပ်စွန့်ခွါပြေးခဲ့ရ တယ်လို့သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ရွာတွေ ရာချီပြီး ရေဖုံးလွှမ်းခဲ့တာ ဖြစ်ပါတယ်။
Source-Reuters